ကလေးစစ်သားအရေးနှင့် အဓမ္မလုပ်အားပေး ကိစ္စရပ်များအတွက် ILO နှင့် ပူးတွဲလုပ်ကိုင်နေသည့် အလုပ်သမားများသမဂ္ဂ အဖွဲ့ဝင်တဦးကို မကွေးတိုင်း တောင်တွင်းကြီး စစ်သားတဦးက သမဂ္ဂမှ နုတ်ထွက်ရန် မကြာသေးခင်က ဖိအားပေးခဲ့ကြောင်း သိရသည်။
အာဏာပိုင်များက အသိအမှတ်ပြုရန် ငြင်းဆန်ထားသော မြန်မာအမျိုးသား စက်မှုအလုပ်သမားများနှင့် လယ်သမားများ အကျိုးစီပွား ကာကွယ်ရေး အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် မသိင်္ဂီကို တောင်တွင်းကြီး လေ့ကျင့်ရေး အမှတ် ၁၅ မှ တပ်ကြပ်ကြီး မြသန်းတင်က ယခုတပတ် တနင်္လာနေ့တွင် နေအိမ်သို့ လာရောက်ကာ သမဂ္ဂမှ မနုတ်ထွက်လျှင် ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်ခဲ့သည်။
“အဖွဲ့ထဲက ထွက်ပါ၊ မထွက်ရင် အဖမ်းခံရနိုင်တယ်။ ကျန်တဲ့ကိစ္စတွေမှာလည်း ဖိအားများလာလိမ့်မယ်။ အဲဒါကြောင့်မို့ ထွက်ပါ၊ ထွက်တဲ့အခါ သူ့အနေနဲ့ ကူညီသွားမယ်။ ထွက်စာတင်လိုက်ရင် အန္တရာယ်ကင်းမယ်လို့ အိမ်တိုင်ယာရောက် လာပြောတယ်။ မသိင်္ဂီကလည်း ကြောက်ပြီးတော့ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ကြောင်း လက်မှတ်ထိုးပေးလိုက်တယ်” ဟု သမဂ္ဂ တည်ထောင်ရန် ဦးဆောင်ခဲ့သူ ဦးပါလေးက မဇ္စျိမကို ပြောသည်။
သမဂ္ဂဝင်များသည် ကလေးစစ်သားအရေးနှင့် အဓမ္မလုပ်အားပေး ကိစ္စရပ်များ ပပျောက်ရေးအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် ပူးတွဲလုပ်ဆောင်နေသဖြင့် အဖွဲ့ဝင်များ လုပ်ကိုင်နေသည့် ကိစ္စများကို သွယ်ဝိုက်သည့် နည်းဖြင့် ဖိအားပေးခြင်း ဖြစ်ကြောင်း သူက သုံးသပ်သည်။
“တောင်တွင်းကြီးက စစ်သားတွေကို သင်တန်းကျောင်းပေးတဲ့ နေရာဖြစ်တယ်။ ကလေးစစ်သားကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်လို့ ကြိုတင်ပြီးတော့ အဖွဲ့ကို လှုပ်ရှားမှုမရအောင်၊ ဒါမှမဟုတ် ဒီလိုလုပ်ငန်းတွေ လုပ်လို့မရအောင်၊ ကြောက်သွားအောင်၊ နောက်ဆုတ်သွားအောင် ကြိုတင်ပိတ်ပင်တဲ့ သဘောတွေ ပါတယ်။ ကျနော်တို့ကို တိုက်ရိုက်တော့ လာပြီး လုပ်လို့ မရသေးဘူးပေါ့ဗျာ” ဟု ဦးပါလေးက ပြောသည်။
ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၁ ရပ်ကွက်ရှိ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (စုပေါင်းရုံး တတိယထပ်) တွင် အနောက်ပိုင်းခရိုင် ရဲမှူးကြီးအောင်ဒိုင်းက သမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံခဲ့ကာ သမဂ္ဂ ဖွဲ့ခွင့်မရှိသဖြင့် အရေးယူခံရနိုင်ကြောင်း သတိပေးခဲ့သေးသည်။
အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကလည်း အလုပ်သမားများသည် ၁၉၅၉ နှင့် ၁၉၆၂ ဥပဒေအရ အလုပ်သမားအဖွဲ့ကို အဖွဲ့ဝင် ၁ဝ ဦးကျော်လျှင် ဖွဲ့ခွင့်ရှိသော်လည်း ထိုအချိန်က ဥပဒေများသည် ယခုခေတ်နှင့် လျော်ညီမှု မရှိတော့သဖြင့် မကျင့်သုံးတော့ကြောင်းနှင့် ဥပဒေထုတ်ပြန်စဉ်က အနိမ့်ဆုံး တနေ့ဝင်ငွေ ၃ ကျပ်ခွဲဖြစ်ပြီး ယခုတွင် ၃ ကျပ်ခွဲနှင့် အလုပ်မဖြစ်တော့ကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် ထိုစဉ်က အလုပ်သမားသေဆုံးမှု ရှိခဲ့လျှင် နစ်နာကြေးအဖြစ် ၁ သောင်း ၁ ထောင်ပေးရပြီး ယခုအခါ ၄ သိန်းခွဲ ပေးနေရကာ ၂ဝဝ၈ ဖွဲ့စည်းပုံတွင် အလုပ်သမားအရေးနှင့် ပတ်သက်သည့် ဥပဒေ မပြဋ္ဌာန်းသေးသဖြင့် ဆောင်ရွက်ခွင့် မရှိကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါက အသင်းအဖွဲ့ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာ့အမျိုးသား အလုပ်သမားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးပါလေး (တောင်တွင်းကြီး)၊ ဦးကြည်လင်း (ဒဂုံမြို့နယ်တောင်ပိုင်း)၊ ဦးဝင်းနိုင် (တောင်တွင်းကြီး)၊ မနွဲ့ရီဝင်း (သာယာဝတီ)၊ မခိုင်သဇင် (လှိုင်သာယာ)၊ မအေးချမ်းပြည့် (ရွှေပြည်သာ) သမဂ္ဂ ဥပဒေရေးရာ အကြံပြုသူ အဖြစ် ရှေ့နေဦးဖိုးဖြူ (ခ) ရန်နိုင်အောင် အပါအဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရန်ကုန် စက်မှုဇုန်များရှိ စက်ရုံလုပ်သားများ၊ အလုပ်သမား ခေါင်းဆောင်များနှင့် အခြားဒေသများရှိ တောင်သူ လယ်သမားများ ဖြစ်သည်။
ဖွဲ့စည်းပြီး ရက်ပိုင်းအကြာ ပြီးခဲ့သည့်လ ၂ ရက်နေ့တွင် တရားဝင် ရပ်တည်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာတိုက်မှတဆင့် စာရေးသား ပေးပို့ကာ လျှောက်ထားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှုမျိုး မရရှိဘဲ သမဂ္ဂလုပ်ငန်း ဆက်လက်မလုပ်ကိုင်ရန်နှင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် အာဏာပိုင်များဘက်က ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။
ယခုလို အလုပ်သမားများသမဂ္ဂ ဖျက်သိမ်းရေး ဖိအားပေးခံနေရစဉ် အဓမ္မလုပ်အားပေးကိစ္စ လျော့ကျသွားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ Steve Marshall က မဇ္စျိမကို ယနေ့ ပြောသည်။
သူက ဆက်ပြီး “အဓမ္မအလုပ်ခိုင််းစေခြင်းက မြန်မာနိုင်ငံမှာ အခုထိ ရှိနေသေးတယ်။ အလုပ်ဆက်လုပ်ဖို့ အများကြီး ရှိနေပါသေးတယ်။ အစိုးရက ဥပဒေအရ အဓမ္မလုပ်အားပေး ခိုင်စေတာကို မတရားဘူးလို့ သိပေမယ့် သူတို့ဘက်ကနေ လုပ်ဆောင်ဖို့ရာ အားနည်းချက်တွေ ရှိနေတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်လအတွင်းက ကျင်းပခဲ့သည့် ILO ညီလာခံတွင် Steve Marshall ကို လက်ရှိ ရာထူးအပြင် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်း ထူထောင်ခွင့် နှင့် ပတ်သက်သည့် အရေးကိစ္စများအတွက်ပါ လုပ်ကိုင်ရန် တာဝန်ပေးခဲ့သည်။
ILO က မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံဥပဒေသစ်အရ အလုပ်သမားသမဂ္ဂများ ထူထောင်ခွင့်ပြုရေးအတွက် စစ်အစိုးရနှင့်အတူ အသင်းအပင်း ဖွဲ့စည်းရေး ဥပဒေသစ် ရေးဆွဲရာတွင် လိုအပ်သည့် အကြံဉာဏ်များ ပေးသွားရန် ဆုံးဖြတ်ခဲ့သည်။
ဥပဒေပြဋ္ဌာန်းရန် ရေးဆွဲနေစဉ် မြန်မာနိုင်ငံ၌ သမဂ္ဂထူထောင်ရန် ကြိုးပမ်းသူများကို အရေးယူမှုမျိုး ဖြစ်လာမည်ကို စိုးရိမ်းကြောင်းနှင့် မလိုလား အပ်သည့် ဖြစ်ရပ်မျိုး ဖြစ်ပေါ်မလာရန် စစ်အစိုးရနှင့် ဆွေးနွေးတိုင်ပင် လုပ်ကိုင်မည်ဟု Steve Marshall က ပြောသည်။