ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့
by -
ရွှေအိမ်စည်
“ကြယ်တွေစုံတဲ့ည၊ အဝေးအိမ်ကို လွမ်းတယ်။ ကြယ်တွေစုံတဲ့ည၊ ခရီးမိုင်တွေ ခြားပစေ ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလေ ကျော်လွန် သွားခဲ့ရင...

“ကြယ်တွေစုံတဲ့ည၊ အဝေးအိမ်ကို လွမ်းတယ်။ ကြယ်တွေစုံတဲ့ည၊ ခရီးမိုင်တွေ ခြားပစေ ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလေ ကျော်လွန် သွားခဲ့ရင်၊ ပြန်ဆုံဦးမယ်”

(ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည)

(က)

ပနာပခို ရွာက တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရွာလေး ဖြစ်သည်။ မူခါးဝီးကျိုးရွာ၊ ထီးမူခီး ရွာများနှင့်က တတောင်ကျော်၊ တလျှိုဝင်၊ တပြန့်သွား မလှမ်းမကမ်းရွာများ ဖြစ်သည်။ ထီးမူခီး ရွာအနီးရှိ ထီးမူခီး တောင်ကုန်းထက်တွင် ရန်သူ့စခန်း ရှိနေခဲ့သော်လည်း ပနာပခို ရွာအနီး လျှိုပြန့်လေးတခုအတွင်း၌၊ ကရင့်အမျိုးသားအစည်းအရုံး KNU ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားသည့် ပနာပခို ဆေးရုံငယ်လေးတရုံ ရှိ၏၊

ညာပလိုတဲ၊ တံတားတဲ၊ မူခါးဝီးကျိုး၊ ထီးမူခီး၊ ပနာပခို ရွာများက လယ်မြေလည်း ဖြစ်ထွန်း၏။ သဘာဝမြေဆီ ကောင်းသည့်အတွက် စပါးအထွက် တိုး၏။ တောင်ယာစပါးသည်လည်း ကောင်းကြသည်ပင်။ ဒူးရင်း၊ ဒညင်း၊ ချန်ပေါင်ဖာလာခြံများကြောင့် ထိုဒေသအတွင်း စီးပွားရေးသည် ချောင်လည်ကြသည်ဟု ဆိုရမည်။

ဤသည်က ထီးမူခီးတွင် စစ်တပ်မှ စခန်းလာမထိုင်မီ ကာလများအထိဟု ဆိုရမည်။ ထီးမူခီးတွင် စစ်ကြောင်းထိုင်ပြီးသည့်နောက်တွင် ရွာသားတို့ လယ်မြေများသို့ မဆင်းဝံ့။ တောင်ယာများသို့ မသွားဝံ့။ ဥယျာဉ်ခြံများသို့ မတက်ဝံ့နှင့်။ လယ်မြေတို့က သုဉ်း၏။ တောင်ယာတို့က ဖုန်းဆိုးအဖြစ်သို့ ရောက်ကြရ၏။

ပနာပခိုမှ မြေပြန့်ကွင်းဘက်သို့ ဆင်းလျှင် နွားလေးခို့သို့ ရောက်၏။ နွားလေးခို့မှ ဆက်လျှင် မလှတောသို့ ရောက်၏။ ထိုမှ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ မြစ်နားရွာများဆီသို့ နှင်၍ရသည်။

နွားလေးခို့နှင့် မလှတောတွင် စျေးတန်းလေးရှိသည်။ ထိုင်းမှ ကုန်စည်အမျိုးမျိုးနှင့် မြန်မာပြည်မှ ခိုင်းကျွဲ၊ ခိုင်းနွားများ ဖလှယ်ရာ၊ ရောင်းဝယ်ရာ စျေးတန်းလေး ဖြစ်သည်။ စျေးတန်းလေးအား KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၈ မှ လုံခြံုရေးအရ တာဝန်ယူပေးထား၏။ အုပ်ချုပ်မှုအရမူ ကော်သူးလေ၏ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်မှုအောက်၌ ရှိသည်။

ထိုဒေသတခုလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုကိုက ပနာပခို ဆေးရုံလေးမှပင် တာဝန်ယူထားရသည့်ဟန် ရှိသည်။ ပနာပခိုဆေးရုံက ကုတင် မည်မျှ ဆံ့ဟူသည့် စံနှင့် တိုင်း၍မရ၊ ကုတင်မရှိ။ ရင်ကွဲဘားတိုက်ကဲ့သို့ပင် ဆေးရုံ၏ လူနာဆောင် အဆောက်အဦးအား ဆောက်၍ ကြမ်းခင်း၌ပင် လူနာများအား စီ၍ထားသည်။

ပနာပခို၏ ဆေးရုံအုပ်ကြီးက သရာဂေးဂေ ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းသက် နှစ်ပေါင်း ၃ဝ ကျော် ရှိသူ ဖြစ်သည်။ သရာဂေးဂေသည် ပနာပခိုဆေးရုံတွင် သူသည်ပင် ဆေးရုံ၏ အုပ်ချုပ်ရေးမှူး၊ သူသည်ပင် အထွေထွေရောဂါကုသည့်သူ၊ သူသည်ပင် ခွဲစိတ်ကုသရေးသမား ဟူ၍ ဖြစ်နေရသည်။ ဆေးမှူးသူနာပြုဆရာမ ၁၅ ခန့်မျှနှင့် ပနာပခို ဆေးရုံလေးသည် တောတောင်ထူထပ်သည့် တောင်ပေါ်ဒေသလေးတွင် ထိုလူထု၏ မီးအိမ်ရှင်ပင်။

(ခ)

ထီးမူခီးစစ်ဆင်ရေးတွင် ပနာပခို ဆေးရုံမှ သရာဂေးဂေနှင့် ကျန်းမာရေးဝန်ထမ်းအချို့တို့က ထီးမူခီးရွာနှင့် ပနာပခိုရွာအကြားရှိ ကရင်ရွာငယ်လေး တရွာအနီး ချောင်းရိုးလေးဘေးတွင်၊ ယာယီစစ်မြေပြင် ဆေးရုံငယ်လေးတခုဖွင့်ပြီး စစ်ဆင်ရေးအတွင်း ဒဏ်ရာရသူတို့အား ကုသပေး၏။ စစ်မြေပြင်နှင့် ဆေးရုံလေးက ၅ မိုင်မျှပင် ကွာဝေးမည်။ တောင်တန်းများ၊ လျှိုမြောင်များ၊ ရေချောင်းများ အထပ်ထပ် ကာရံထားသဖြင့်သာ ဆေးရုံလေးသည် လုံခြံုရေးအရ စိတ်ချနေရသည့်ဟန် ရှိ၏။ ဆေးရုံတွင် အဆောက်အဦးက ၄ လုံးသာ ရှိ၏။ လူနာများထားသည့် ရင်ကွဲဘား တိုက်ရှည်တလုံး၊ ခွဲစိတ်ဆောင်၊ စားဖိုရုံနှင့် ဆရာ၊ ဆရာမများ နေသည့် အဆောက်အဦးငယ် တဲတလုံး။ လူနာဆောင်က တဖက်လျှင် လူနာ ၁ဝ ဦးမျှ ထား၍ရသည်။ နှစ်ဖက်အား ခြေချင်းဆိုင်ထားသဖြင့် စစ်မြေပြင်ဆေးရုံလေးက လူနာ ၂ဝ ခန့် ဆံ့သည့်၊ ကုတင် ၂ဝ ဆ့ံ စစ်ဆေးရုံလေးဟု ဆိုရမည်။

(ဂ)

၁၉၉၂ ခုနှစ် သြဂုတ်လ ပထမပတ်အတွင်း၌ ကျောက်ကြီးရှိ ဗျူဟာသည် ထီးမူခီး စစ်ဆင်ရေးအား စ၏။ ရည်မှန်းချက်က ထီးမူခီးစခန်း ပြန်လည် သိမ်းပိုက်နိုင်ရေးပင်။ ဗျူဟာ ၂ ခု၊ တပ်ရင်း ၆ ရင်း၊ လေတပ်အကူတို့နှင့် စစ်ခင်းသည့် စစ်ဆင်ရေး ဖြစ်သည်။ ကျနော်တို့က ထီးမူခီး၊ မူခါးဝီး ကျိုးနှင့် အခြားတောင်ကုန်း ၂ ခုတို့တွင် စစ်ကြောင်းတကြောင်းစီ ထိုင်ပြီး ခံစစ်သေနှင့် နေရာယူထားကြ၏။ တာတိုးဝါး စစ်ကြောင်းကမူ အကူ လှုပ်ရှား စစ်ကြောင်းအနေနှင့် ရံထား၏။ ထိုစဉ်က တာတိုးဝါး စစ်ကြောင်းမှူးသည် ဗိုလ်ရွှေဒို ဖြစ်သည်။ ဗိုလ်ရွှေဒိုက ဗိုလ်ချုပ်ကြီး စောဘိုမြ၏ တူဖြစ်ပြီး၊ သူ၏ တာတိုးဝါး စစ်ကြောင်းသည် တိုက်ခိုက်ရေးတွင် နာမည်ရ၏။ နယ်မြေကျွမ်း၍၊ လက်နက်၊ ခဲ၊ ယမ်း၊ မီးကျောက် ပြည့်စုံသည့်အတွက် စစ်ဆင်ရေးတွင် တာတိုးဝါးသည် အားကိုးရ၏။

ရန်သူသည် ကျနော်တို့ နေရာယူထားသည့် ကုန်းများအားလုံးသို့ တပြိုင်တည်းမတက်။ ပထမ ထီးမူခီးအား စ၍တက်သည်။ ၅ ရက်ခန့် ဆက်တိုက် တက်၏။ လက်နက်ကြီးပစ်အားနှင့် ဖိ၏။ စစ်သည်အင်အားနှင့် တိုး၏၊ မရ။ ၅ ရက်မျှ၊ နေ့စဉ်ဆက်တိုက်တက်ပြီး နားလိုက်ပြန်သည်။ ရန်သူသည် မြေပြင်ထိုးစစ်အား ရပ်ထားပြီး၊ လေကြောင်းမှ တိုက်ခိုက်ရန် စီမံပြန်သည်။

နံနက် ၉ နာရီခန့်တွင် လေတပ်မှ ကင်းထောက် လေယာဉ်တစီးသည် ကျနော်တို့အပေါ်မှ လှည့်ပတ်၍ ဝဲနေခဲ့၏။ ထီးမူခီး၊ မူခါးဝီးကျိုး၊ ပနာပခို၊ မူသယ်-ဗျက်ကော တခွင်လုံးအား ဝိုက်၍ ဝဲနေသည်။ အမြင့်ပေ ၃ ထောင်နှင့် ၅ ထောင်အကြားမှ ဝဲနေခြင်း ဖြစ်သည်။ ကျနော်တို့အား ရှာနေခြင်း ဖြစ်မည်။ မိုးနှင်းနှင့် မြူတို့ကြောင့် လေယာဉ်သည် ကျနော်တို့၏ တည်နေရာအား ရှာဖွေရခက်နေဟန် ရှိသည်။ အကြိမ်ကြိမ်ပတ်၍ရှာသည်။ ကျနော်တို့က လျှောက်မြောင်းများ အတွင်းမှ ငြိမ်သက်စွာနှင့် လေယာဉ်အား မော့၍ကြည့်နေကြ၏။

တနာရီ၊ ၂ နာရီ၊ ၃ နာရီ။ လေယာဉ်က ဝဲ၍နေဆဲ။ မိုးနှင်းတို့ စဲသွားပြီ။ မြူအချို့ ပါးသွား၏။ ကောင်းကင်သည် လင်းလင်းရှင်းရှင်း မဟုတ် သော်လည်း နံနက်ကနှင့် စာလျှင်မူ ပွင့်လင်း၍ လာသည်။

ခဏငယ်အတွင်း၌ တိုက်လေယာဉ်အုပ်စုတစု ရောက်လာ၏။ P.C-7 အမျိုးအစား တိုက်လေယာဉ်များ ဖြစ်မည်။ စုစုပေါင်း ၄ စီး။ တိုက်လေယာဉ် များက ကင်းထောက်နေသည့် လေယာဉ်အား ရံ၍ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်၍ဝဲသည်။ ပြီးလျှင် မြေပြင်သို့ ထိုးဆင်းလာလိုက်၊ လှည့်၍ ပြန်ထောင် တက်သွားလိုက်နှင့် ဝဲနေ၏။

မကြာလိုက်ပါ၊ တိုက်လေယာဉ်များမှ တိုက်ခိုက်မှုအား စလေ၏။ လေယာဉ် ၄ စင်းက မြေပြင်သို့ တစင်းပြီးတစင်း ထိုးဆင်းကြ၏။ ထိုးဆင်းရင်း စက်သေနတ်ကြီးများနှင့် ပစ်၏။ ပြန်၍ ထောင်တက်သွားလျှင်မူ ဗုံးအား ဖြုတ်ချခဲ့၏။

အကြိမ်ကြိမ်တိုက်ခိုက်၍နေ၏။ လေယာဉ်မှပစ်သည့် အော်လီဂန်းအသံက နာနာကျင်ကျင်နှင့် အော်ဟစ်နေသည့် ဆင်ရိုင်းကြီးများ၏ အသံကဲ့သို့ စူးစူးဝါးဝါး။ လေယာဉ်မှ ကြဲချသည့်ဗုံး ပေါက်ကွဲသံက ကျယ်ကျယ်လောင်လောင် မြည်မြည်ဟီးဟီး။ မြေမဟီပင် တုန်ဟည်းလောက်၏။ ၂ နာရီခန့် လေကြောင်းမှ ထိုးစစ်ဆင်ပြီးသည့်နောက် တိုက်လေယာဉ်အုပ်စုသည် ပြန်သွားခဲ့ကြ၏၊ ထိခိုက်မှုမရှိ။ ကျနော်တို့ဘက်မှ မည်သည့်ထိခိုက်မှုမျှမရ။ ပနာပခို ရွာမှ အိမ် ၃ လုံးမှာမူ ဗုံးဆံကြောင့် မီးလောင်သွားခဲ့သည်။ ရွာသားများက ရှောင်ပုန်းနေခဲ့ကြပြီးဖြစ်၍ ထိခိုက်မှုမရှိ။
(ဃ)

၅ ရက်မျှ လေကြောင်းမှ နေ့စဉ် တိုက်ခိုက်ခဲ့ပြီးနောက်တွင် ရန်သူသည် မြေပြင်ထိုးစစ်အား ပြန်စ၏။ ထီးမူခီး၊ မူခါးဝီးကျိုးနှင့် ရင်း ၈၊ ရင်း ရ စစ်ကြောင်းများ နေရာယူထားသည့် တောင်ကုန်းများ အားလုံးသို့ တပြိုင်တည်းတက်၍ ထိုးစစ်ဆင်ခြင်း ဖြစ်သည်။

နံနက်စောစောကတည်းမှပင် ကျနော်တို့ နေရာယူထားသည့် မူခါးဝီးကျိုး တောင်ကြောတလျှောက်အား လက်နက်ကြီးများနှင့် စ၍ပစ်သည်။ ဇီး-ဇက် သဏ္ဍာန် ပစ်ခတ်နေခြင်း ဖြစ်သည်။ ၁၅ စက္ကန့်လျှင် လက်နက်ကြီး တလုံးနှုန်းနှင့် ပစ်နေ၏။ ကျနော်တို့က ကတုတ်ကျင်းအတွင်း ငြိမ်၍ အရှေ့ရှိ ပစ်ပိုင်နက်အတွင်း တက်လာမည့် ရန်သူအား စောင့်၍ကြည့်နေကြသည်။ မြေပြင်လှုပ်ရှားမှုက မရှိသေး။

ကျနော်တို့ဘက်မှလည်း ရန်သူ့လက်နက်ကြီးပစ်ရာသို့ လက်နက်ကြီးများဖြင့် ပြန်၍ပစ်သည်။ ၂ ဖက် ပစ်ခတ်သံ၊ ပေါက်ကွဲသံများနှင့် စစ်မြေပြင် သည် ကြွလာ၏။ မိုးနှင်းများအကြားမှ မီးခိုးလုံးကြီးများသည် လိမ့်၍လိမ့်၍ တက်နေ၏။ ၂ နာရီခန့်ကြာလျှင် ရန်သူ့ဘက်မှ လက်နက်ကြီး ပစ်ခတ်မှု အားသည် လျော့၍ကြဲလာပြီး ပွိုင့် ၅ စက်သေနတ်ကြီးများနှင့် ကျနော်တို့တောင်ကြောအား ကပ်၍ ရှပ်ပြီး ပစ်၏။ ပွိုင့် ၅ အသံက နရီမှန်မှန်နှင့်။ ပွိုင့် ၅ ကျည်ထိမှန်၍ ပေါင်းလုံးခန့်ရှိသည့် သစ်ပင်များ ထက်ပိုင်းပြတ်၍သွားသည်။

ရန်သူ၏ စစ်ဆင်ရေးအစီအမံက ပထမ လက်နက်ကြီးများနှင့် ဖိပစ်ပြီး ကျနော်တို့အား ချေမှုန်းမည်။ ပြီးလျှင် ပွိုင့် ၅ စက်သေနတ်ကြီးများနှင့် ကျနော်တို့အား ခေါင်းမထောင် နိုင်အောင်ဖိထားမည်။ အဆုံးတွင်မှ မြေပြင်မှ ကျနော်တို့အား တိုက်မည်။ မကြာလိုက်ပါ။

ကျနော်တို့ ကတုတ်ကျင်းမှ မြောက်ဘက် ကိုက် ၁ဝဝ ခန့် နေရာအား ရန်သူသည် စ၍တိုး၏။ ၂ ဖက်ပစ်ခတ်သည့် လက်နက်ငယ်သံများက ဆူညံ၍နေသည်။ ကျနော်တို့ဘက်မှ RPJ နှင့် ဆင့်၍ ပစ်ခတ်လိုက်သည့်အတွက် ရန်သူသည် လန်သွားဟန်ရှိပြီး ငြိမ်သွားပြန်သည်။ ပြီးလျှင် ရန်သူသည် နေရာပြောင်း၍ ထပ်တက်ပြန်သည်။ ၁၅ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပြီး ရန်သူသည် ထပ်မတိုးတော့။ ငြိမ်နေပြန်သည်။

တတိယအကြိမ် ထပ်မံ၍တက်ပြန်သည်။ တတိယအကြိမ် တက်သည့်နေရာက ကျနော်တို့ နေရာယူထားသည့် ကတုတ်ကျင်းနှင့် နီး၏။ ရန်သူ့အား မတွေ့ရသော်လည်း စကားသံများအား ကြားနေရ၏။ ခရာတွက်သံများအား ကြားနေရ၏။ ဆဲဆိုသံများက ဆူဆူညံညံ။

တတိယအကြိမ်တွင်လည်း ရန်သူသည် ကျနော်တို့၏ ပစ်ခတ်မှုအောက်၌ ပြန်၍ လန်ကျသွားသည်ပင်။ ၃ ကြိမ်လုံးလုံး လန်ကျခဲ့ရသည့် ရန်သူသည် ထပ်၍မတက်တော့ဘဲ ကိုက် ၂ဝဝ ခန့်ထိ ပြန်၍ ဆုတ်သွားကြ၏။ ကျနော်တို့ဘက်က တပ်စိတ် ၂ စိတ် ထိတွေ့မှုဖြစ်သည့် နေရာများသို့ ဆင်း၍ ရှင်း၏။ သွေးကွက်များ၊ ဆွဲယူသွားသည့် စွပ်ကြောင်းကြီးများအား တွေ့ရ၏။ အရက်ပုလင်းပြားခွံများက အများအပြားပင်။ ရန်သူက မူးမူးရူးရူးနှင့် တက်လာပြီး၊ မူးမူးရူးရူးနှင့်ပင် သေဆုံးခဲ့ကြရဟန်ရှိ၏။
(င)

ရန်သူသည် မူခါးဝီးကျိုးအား သိမ်းပိုက်နိုင်ရေးအတွက် တက်နေခဲ့သည်မှာ တလခန့်ရှိပြီ။ ကျနော်တို့အရှေ့ ကိုက် ၅ဝ အတွင်းသို့ပင် ကပ်၍မသီနိုင်သေး။ ရန်သူ၏ လက်နက်ကြီး ပစ်ခတ်မှုများကမူ ထိရောက်မှု ရှိလာ၏။ ယခင်က ရန်သူ၏ လက်နက်ကြီးများသည် အများအားဖြင့် ကျနော်တို့အား ကျော်၍သာ ကျ၏။ ကျနော်တို့နှင့် ၁ဝ ကိုက်၊ ၁၅ ကိုက် အတွင်းသို့ပင် မကျ။ ထိရောက်မှု မရှိခဲ့။ ယခုမူ ရန်သူ့လက်နက်ကြီးများက ကျနော်တို့၏ ဆက်သွယ်ရေး လျှောက်မြောင်းတလျှေက်တွင် သီ၍ကျလာ၏။ လွန်ခဲ့သည့် တပတ်ခန့်က လျှောက်မြောင်းအတွင်း ကျသဖြင့် မြစ်ဝကျွန်းပေါ်အဖွဲ့မှ သုခိုဝင်းကိုနှင့် ရဲဘော်ခင်မောင်အေးတို့ ဒဏ်ရာရခဲ့ကြ၏။ ဒဏ်ရာများက မပြင်းထန်သော်လည်း သရာဂေးဂေ၏ ဆေးရုံသို့ ပို့လိုက်ရသည်။

နောက်တရက်တွင်လည်း ရင်း ၉ မှ တပ်စိတ်မှူး တပ်ကြပ်ကြီး အောင်ဆန်း လက်နက်ကြီး အစထိ ပြန်သည်။ လက်နက်ကြီးအစက တပ်ကြပ်ကြီး အောင်ဆန်း၏ ကပ္ပယ်အိတ်အား ရှပ်၍ထိခြင်း ဖြစ်၏။ စိုးရိမ်စရာ မရှိသော်လည်း ဆေးရုံသို့ ပို့လိုက်ရ၏။ တပ်ကြပ်ကြီး အောင်ဆန်းက စစ်ကြောင်းတွင် အားကိုးရသည့်သူ ဖြစ်သည်။ အရပ်အမောင်းက ၆ ပေခန့် ရှိမည်။ အရပ်မြင့်သကဲ့သို့ ခန္ဓာကိုယ်သည်လည်း ထွားကျိုင်း၏။ သန်မာ၏။ ဖျတ်လတ်၏။ အသက်က ၂၅ နှစ်မျှသာ ရှိမည်။ ကျောက်တံတားမြို့နယ်် ‘ဖဒို’ ရွာသား ဖြစ်သည်။ သူက ‘နာတိုး’ စက်လက်အား ကိုင်၏။ နာတိုးစက်လက်ကြီးအား ဒေါက်ထောက်ရန် မလိုဘဲ ပိုက်၍ ပွေ့၍ ကျည်တကြိူး နှစ်ကြိုး ကုန်သည်အထိ ပစ်နိုင်သည်။ ထိပ်တိုက်နေရာတိုင်းသို့ သူနှင့် သူ့စက်လက်ကြီးသည် ရောက်ရမြဲ။ လျပ်တပြက် လျှောက်မြောင်းပေါ်သို့ ကပ်၍၊ တက်လာသည့် ရန်သူအား နာတိုးနှင့် မွှေ့၏။

တပ်ကြပ်ကြီး အောင်ဆန်း၏ နာတိုးအောက်၌ တက်လာသည့် ရန်သူတို့သည် ပြန်၍လန်ကျရသည်ပင်။ ရန်သူ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျဆုံးမှု မရှိသေးသော်လည်း၊ ကျနော်တို့၏ မူခါးဝီးကျိုး ခံစစ်စည်းတွင် ဒဏ်ရာရသူ အရေအတွက်က များလာ၏။ ရန်သူ၏ လက်နက်ကြီး ပစ်ခတ်မှုသည်လည်း ယခင်ကကဲ့သို့ မြေပြင်ထိုးစစ် မဆင်မီ ဖိ၍ပစ်ခြင်းမျိုး မဟုတ်တော့။ အချိန်မရွေး ပစ်လာ၏။ ညတွင်လည်း ပစ်၏။ လက်နက်ကြီး ကျည် ၁ဝ လုံး၊ ၁၅ လုံးခန့် ပစ်လိုက်၊ ရပ်သွားလိုက်နှင့် ပစ်နေတတ်၏။ ကျနော်တို့က ရန်သူ့လက်နက်ကြီးကြောင့် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေး မြောင်းအတွင်းတွင်သာ နေကြရ၏။ ဆက်သွယ်ရေးမြောင်းနှင့် ကတုတ်ကျင်းက မိုးရေများဝင်၍ ရေဝပ်နေ၏။ စိုစိုစွတ်စွတ်။ အေးအေးခဲခဲ။ အေးလွန်း၍ မီးလှုံလျှင် ဟန်းကောအတွင်း ထင်းရှူးသား ထင်းပေါက်လေးများအား ထည့်၍ မီးမွှေးပြီး လှုံကြရ၏။ အေးစိမ့်နေသည့် လက်များ နွေးလာ၏။

နောက်ပိုင်းတွင်မူ ကယားပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) မှ တပ်စုတစု အင်အားဖြည့်လာသဖြင့် စစ်ကြောင်း မှူးသည် ကျနော်တို့အား အလှည့်နှင့် အနားပေး၏။ အနားပေးသည် ဟူသည်က မူခါးဝီးကျိုး ခံစစ်စည်း ကတုတ်ကျင်းမှ မူခါးဝီးကျိုး တောင်ကြော၏ အနောက်ဘက် လျှိုလေးအတွင်း အနားယူကြရခြင်း ဖြစ်သည်။ အန္တရာယ်မရှိ။ လွတ်လွတ်လပ်လပ် ဆေးလိပ်ဖွာ၍ ရသည်။ ရေချိုး၍ ရသည်။ ယူနီဖောင်းများအား လျှော်ဖွတ်၍ ရသည်။ BBC ၊ VOA ၊ DVB နားထောင်၍ ရသည်။ တပ်စိတ်တစိတ်လျှင် ၅ ရက် နားခွင့််ရ၏။ ပြီးလျှင်မူ ကတုတ်ကျင်း အတွင်းသို့ ပြန်ဝင်။

ကျနော်တို့ တပ်စိတ်နားခွင့်ရသဖြင့် မူခါးဝီးကျိုး တောင်ကြောပေါ်မှ လျှိုကလေးအတွင်းသို့ ဆင်းလာကြ၏။ လျှိုလေးက မူခါးဝီးကျိုး၏ အနောက် ဘက်တွင် ရှိသည်။ လျှိုလေးအတွင်း စစ်ချောင်းငယ်တခုက ရစ်ခွေ၍ စီးဆင်းနေပြီး ရေအိုင်ငယ်လေးတခု ဖြစ်နေသည်။ ရေက စိမ်း၍ကြည်၏။ ရင်စို့မျှ နက်မည့် ရေအိုင်ငယ်လေး။ ကျနော်တို့အားလုံး ရေမချိုးကြရသည်မှာ တလကျော်ပြီ။ ယူနီဖောင်းများက အနံ့အသက်ပေါင်းစုံဖြင့်။ ကျနော်တို့ ရေအိုင်လေးအတွင်းသို့ ဆင်းလိုက်၏။ စမ်းရေက အေးစိမ့်စိမ့်။ အေးစိမ့်သည့် အထိအတွေ့က ခန္ဓာအား လန်းစေ၏။ တဒင်္ဂအတွင်း ကျနော်တို့ အပူအပင်ကင်းနေ၏။ ကျနော်တို့၏ အရှေ့ မူခါးဝီးကျိုး တောင်ကြောကြီးပေါ်၌ ကျနော်တို့၏ ရဲဘော်၊ ရဲဘက်များ ရှိ၏။ ရန်သူသည် ကျနော်တို့၏ ရဲဘော်ရဲဘက်များအား တိုး၍မလာနိုင်။ ကျနော်တို့ အားလုံး လုံခြံုနေ၏။

“ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ်၊
ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေ ခြားပစေ
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလေ
ကျော်လွန်သွားခဲ့ရင်၊ ပြန်ဆုံဦးမယ်”

(ထူးအိမ်သင် ၏ ကြယ်တွေစုံတဲ့ည )

Most read this week