ဆင်ဆာဌာန ခွဲခြားဆက်ဆံဟု ဆုရွှန်းလဲ့ပြော

ဆင်ဆာဌာန ခွဲခြားဆက်ဆံဟု ဆုရွှန်းလဲ့ပြော
by -
ဖနိဒါ
စာပေစိစစ်ရေးအနေဖြင့် ဆင်ဆာဖြတ်ရာတွင်ပင် ခွဲခြားမှုများရှိနေကြောင်း  လုံခြံုအောင် ဝတ်စားထားခြင်းမရှိသော ဓာတ်ပုံတခုကြောင့် စာစောင်ထုတ်ဝေမှု တပတ်ရပ်နားခံမှု ဖြစ်ပွားခဲ့ပြီးနောက် ရုပ်ရှင်သရုပ်ဆောင် ဆုရွန်းလဲ့က တုံ့ပြန်ပြောဆို...

စာပေစိစစ်ရေးအနေဖြင့် ဆင်ဆာဖြတ်ရာတွင်ပင် ခွဲခြားမှုများရှိနေကြောင်း  လုံခြံုအောင် ဝတ်စားထားခြင်းမရှိသော ဓာတ်ပုံတခုကြောင့် စာစောင်ထုတ်ဝေမှု တပတ်ရပ်နားခံမှု ဖြစ်ပွားခဲ့ပြီးနောက် ရုပ်ရှင်သရုပ်ဆောင် ဆုရွန်းလဲ့က တုံ့ပြန်ပြောဆိုလိုက်သည်။

ကြာသာပတေးနေ့ အပတ်စဉ်ထုတ် အင်ဗွိုင်းဂျာနယ်အတွင်းပိုင်း၌ ဆုရွှန်းလဲ့၏ အင်တာဗျူးကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားရာတွင် သရုပ်ဆောင် မှာ စကပ်ဝတ်ထားသဖြင့် ပေါင်ပေါ်နေသည်ကို စာပေစိစစ်ရေးက ” မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ” ဟုဆိုကာ အပြစ်ပေးသော အနေဖြင့် ဂျာနယ်ကို နောက်တပတ်ရပ်နားရန် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးဌာနက ညွှန်ကြားခဲ့သည်။

“ဒီလိုမျိုးလေးလောက်ကို ပေါ်လည်း မပေါ်ဘဲနဲ့ ပိတ်တယ် ဆိုရင်တော့ သူတို့ လူကြီးတွေ မျက်စိရှန်း လို့ပဲ ဖြစ်တယ်။ သူများတွေ ပေါင် လောက်တောင် ရိုက်နေကြတဲ့ကိစ္စ။ တချို့တွေ ဖင်အုပ်ရုံလောက် ဖော်ပြီးတော့ ရိုက်ထားတဲ့ ဂျာနယ်တွေလည်း ရှိတာဘဲ။ အဲဒါကြတော့ ဘာလို့ ဆင်ဆာပေးကြလဲ။” ဟု ဆုရွှန်းလဲ့က မဇ္စျိမကို ပြောသည်။

အလားတူပင် ယခု ၅ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတွင်လည်း အိန္ဒြာကျော်ဇင်နှင့် ဝတ်မှုန်ရွှေရည်တို့၏ စကပ်တိုဖြင့် ရိုက်ထားသော ဓာတ်ပုံများ ဖော်ပြခဲ့သဖြင့် ထုတ်ဝေခွင့် တပတ်ပိတ်လိုက်ကြောင်း ပြည်တွင်းအယ်ဒီတာ တဦးက ပြောသည်။

ဂျာနယ်နှစ်စောင်လုံးမှ ဓာတ်ပုံများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကြောင်း စာပေစိစစ်ရေးက ပြောသည်ဟု သူက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စာပေစိစစ်ဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက အနုပညာ မဂ္ဂဇင်းထုတ်ဝေသူ ၃ဝ ဦးခန့်ကို သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှု ဓာတ်ပုံနှင့် ပတ်သက်၍ ခေါ်ယူသတိပေးခဲ့သေးကြောင်း အစည်းအဝေး တက်ရောက်သူ အယ်ဒီတာတဦးက ပြောသည်။

“ဂျာနယ်တွေ ဖြစ်သွားတဲ့ကိစ္စမှာ မဂ္ဂဇင်းတွေ အနေနဲ့လည်း အမျိုးသမီးပုံတွေကို အဲဒီလိုမဖြစ်ဖို့။ ဖြစ်ခဲ့ရင် ခွင့်လွှတ်မှာ မဟုတ်ဘူး။ တခါတည်း ပိတ်မယ်။ ဒါမှမဟုတ် တလ၊ နှစ်လနားဖို့ အရေးယူမယ်လို့ ညွန်ကြားရေးမှူးက ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပိတ်ခံရသည့် ဂျာနယ်တိုက်များသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိများက ဖြေဆိုခွင့် မရှိဟုဆိုကာ ငြင်းဆိုခဲ့သည်။

ယခင်က အနုပညာမဂ္ဂဇင်းများတွင် လုံလုံခြံုခြံု မရှိသော ဓါတ်ပုံများကို ဖော်ပြပါက ခေါ်ယူသတိပေးလက်မှတ် ထိုးခိုင်းခဲ့သော်လည်း ဂျာနယ် ပိတ်သည့် အထိ အရေးယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ထုတ်ဝေခွင့် ရပ်နားလိုက်ရသဖြင့် ဂျာနယ်ပုံနှိပ်ခအတွက် မကုန်သော်လည်း တပတ်အတွင်း ကြော်ငြာ ဝင်ငွေများ ဆုံးရှုံးသွားဖွယ်ရှိသည်။