ကရင်နီ (ကယား) ပြည်၊ ဖာဆောင်းမြို့နယ် ကျောက်လုံးကြီး ခေါ် ကျောက်ညှပ်ဒေသမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်တို့ ပူးပေါင်းပြီး ရေကာတာ တခုတည်ဆောက်ဖို့ ဆိုင်းပြင်းနေကြပါတယ်။
အဲဒီရေကာတာကို အများမသိအောင် တိတ်တဆိတ် ဆောက်လုပ်ဖို့ လုပ်ငန်းဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ ထိုင်းအခြေစိုက် ကရင်နီသဘာဝ ပတ်ဝန်းကျင်အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ကရင်နီပြည် တောတောင်တွေကို ဖြတ်သန်းပြီး တသွင်သွင် စီးဆင်းနေတဲ့ အရှေ့တောင်အာရှရဲ့ အရှည်လျားဆုံးမြစ် ဖြစ်တဲ့ သံလွင်မြစ်နဲ့ နမ့်ပန်ချောင်းတို့ ဆုံရာ နေရာမှာ ရေကာတာ တည်ဆောက်ဖို့ ပြင်ဆင်နေကြတာပါ။
စစ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒီနှစ်အစောပိုင်း ဇန်နဝါရီလ (၇) ရက်နေ့တုန်းက သဘောတူ စာချုပ် ချုပ်ဆိုထားခဲ့ကြပြီး၊ ဧပြီလ (၂၆) ရက်နေ့မှာ ရေ၊ မြေတိုင်းတာမှုတွေပြုလုပ်ပြီးတော့၊ ဆောက်လုပ်ရေး သံထည်ပစ္စည်းတွေကိုတော့ ၂ လဝန်းကျင်လောက်ကတည်းက လာရောက်စုပုံထားကြတာကို ဒေသခံတွေက ပြောဆိုနေကြပါတယ်။
“ရေကာတာ တည်ဆောက်ဖို ့ တရုတ်တွေ ရေအမှတ်တိုင်းတာတွေ တွေ့ရတယ်” လို့မျက်မြင်သက်သေ တဦးက ပြောပါတယ်။
ဆောက်လုပ်ရေး ပစ္စည်းတွေကိုလည်း အနီးအနားက ရွာသစ် ကျေးရွာမှာ စုပုံထားတာကို “ကျမ ပြန်လာတုန်းကတော့ အဲဒီမှာ ပစ္စည်းတွေ တချို့ချထားနေပြီ” လို့ ဖာဆောင်း ဒေသခံတဦးကလည်း ပြောတယ်။
ကရင်နီပြည်နယ်က ဒေသတွေမှာ ရေကာတာ စီမံကိန်းတွေ တည်ဆောက်ခဲ့တဲ့အတွက်ကြောင့် ဒေသခံပြည်သူလူထုတွေဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြံုတွေ့ခဲ့ဖူးပြီး ဖြစ်ပါတယ်။ အခု တည်ဆောက်မယ့် ရေကာတာဟာလည်း ကရင်နီပြည်သူတွေအတွက် နောက်ထပ် ဆုံးရှုံးမှုတွေနဲ့ ထပ်မံကြံုတွေ့နိုင်တယ်လို့ ရေကာတာနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်တဲ့အဖွဲ့တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
“ထွက်လာမယ့် စွမ်းအင်တွေကို တရုတ်နိုင်ငံမှာ ရှိတဲ့ ယူနန်ပြည်နယ်က ကုမ္မဏီတွေကပဲ ပြန်ယူနိုင်ဖွယ်ရှိတယ်လေ။ သူတို့ နိုင်ငံမှာ တိုးတက်လာတဲ့ စီးပွားရေးကို အမှီလိုက်နိုင်ဖို့ စွမ်းအင်တွေကို လိုက်ဖြည့်တဲ့ သဘောပေါ့။ စစ်အစိုးရတွေအတွက်တော့ ၀င်ငွေပေါ့” လို့ ကရင်နီသဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းသုတေသနပြုသောအဖွဲ့ (KDRG) တာဝန်ခံ ခူးတော်ရယ်ပိုးက ပြောပါတယ်။
ရေအားလျှပ်စစ်ကနေ ထွက်ရှိလာမယ့် နိုင်ငံခြားဝင်ငွေတွေက စစ်အစိုးရရဲ့ ကိုယ်ကျိုးစီးပွားအတွက်သာဖြစ်မြဲဖြစ်နေမှာ ဖြစ်ပြီး၊ ဒေသခံပြည်သူတွေအတွက် ခံစားပိုင်ခွင့် မရှိနိုင်ကြောင်းကို ပညာရှင်အချို့က လေ့လာ သုံးသပ် ဝေဖန်နေကြပါတယ်။
ကရင်နီသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အမြဲစိမ်းလန်းစိုပြေရေးအဖွဲ့ (KEG) မှ အကြံပေးပုဂ္ဂိုလ် ဖြစ်တဲ့ ခူးဒယ်နီယာကလည်း “ထွက်လာမယ့် ရေအားလျှပ်စစ်တွေကို ထိုင်းနိုင်ငံမှာ ရောင်းချဖို ့ရှိတယ်။ ပြီးတော့ ရရှိမယ့် နိုင်ငံခြားဝင်ငွေကတော့ သူတို့ ကိုယ်ကျိုးအတွက်ပေါ့” လို့ ပြောသွားပါတယ်။
KDRG အဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာမှာ စစ်အစိုးရတို ့က ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ရောင်းခြင်းကြောင့် နိုင်ငံခြား ၀င်ငွေများကို ရရှိမဲ့အပြင် ရေကာတာလုံခြံုရေးကို အကြောင်းပြပြီး စစ်တပ်များ ဒေသတွင်းသို့ ထပ်မံတိုးချဲ့ခြင်းဖြင့် တိုင်းရင်းသား နယ်မြေများကို အရင်ကထက် ပိုမိုထိန်းချုပ်နိုင်မှာ ဖြစ်ပြီး၊ စစ်အစိုးတို့အတွက် အမြတ်အစွန်း နှစ်ဆ ရတယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။
၁၉၉၅-၉၆ ခုနှစ်ကစလို့ ရေကာတာ တည်ဆောက်မယ့် နေရာ အနီးတဝိုက်မှာ ရှိတဲ့ ရွာတွေက ဒေသခံတွေကို အဓမ္မ ရွှေ့ပြောင်းစေခဲ့ပါတယ်။ ရွှေ့ပြောင်း ခံရတဲ့ ရွာသားအများစုဟာ မိမိတို့ရဲ့ အိုးအိမ်နဲ့ လယ်ယာတွေကို စွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေကို အစုလိုက် အပြံုလိုက် လာရောက်နေထိုင်ခဲ့ကြပါတယ်။
စစ်အစိုးရရဲ့ ရေကာတာ တည်ဆောက်ခြင်း စီမံကိန်းတွေကြောင့် ဒေသခံ ကရင်နီပြည်သူတွေ အိုးအိမ်တွေနဲ့ လယ်ယာမြေတွေ ဆုံးရှုံး၊ စွန့်ခွာ ထွက်ပြေးခဲ့ရတာလည်း အရေအတွက်အားဖြင့် မနည်းတော့ပါဘူး။
သံလွင်မြစ်ကို ဖြတ်ပြီး ရေအားလျှပ်စစ်နဲ့ ဓာတ်အား ထုတ်ယူမယ့် ကရင်ပြည်နယ်မှာ တည်ဆောက်မယ့် ၀ဲကြီး ရေကာတာကြောင့် ကရင်နီပြည်ရဲ့ မြို့နယ် (၇) ခု ထဲက (၄) ခုကို ထိခိုက်ပျက်စီးစေမှာ ဖြစ်ပြီး ဖာဆောင်းနဲ့ ဘောလခဲမြို့ အပါအဝင် ရွာပေါင်း (၂၈) ရွာဟာ ရေအောက် နှစ်မြုပ်မယ့် အန္တာရယ်မှာ ရှိနေပါတယ်။
အကယ်၍ ကရင်နီပြည်နယ်က ရေကာတာ တည်ဆောက်ပြီးစီးသွားမယ်ဆိုရင်လည်း ဧရိယာ ၆၂၀ စတုရန်း ကီလိုမီတာ ၀န်းကျင်ရှိတဲ့ လူနေအိမ်တွေနဲ့ လယ်ယာမြေ တွေဟာ ရေအောက် နစ်မြုပ်သွားမှာ ဖြစ်တဲ့အပြင်၊ လူဦးရေ သုံးသောင်းလောက် အိုးအိမ်၊ လယ်ယာမြေတွေကို စွန့်ခွာထွက်ပြေးဖို့ အလားအလာရှိနေတယ်လို့ KDRG အဖွဲ့ရဲ့ အစီရင်ခံစာမှာ သုံးသပ်ပြောဆိုထားပါတယ်။
အထူးသဖြင့် ရေကာတာ တည်ဆောက်မယ့် အနီးတဝိုက်က ဘောလခဲဒေသအတွင်း နေထိုင်ကြတဲ့ လူဦးရေ တထောင်ခန့် မပြည့်တော့တဲ့ လူနည်းစု ယင်းတလဲ လူမျိုးတွေက စစ်အစိုးရရဲ့ ညှင်းပမ်း နှိပ်စက်မှုတွေကြောင့် လူမျိုးတုံး ပျောက်ကွယ် သွားနိုင်မယ့် စိုးရိမ်ဖွယ် အန္တာရယ် အခြေအနေလည်း ရှိနေပါတယ်။
ဒါ့အပြင် သဘာဝတောရိုင်း တိရိစ္ဆာန်တွေ ကျက်စားရာနေရာလည်း ဆုံးရှုံးနိုင်ပါတယ်။
လောပိတ ရေအားလျပ်စစ်စက်ရုံအမှတ် ၁ နဲ့ ၂ တည်ဆောက်ခဲ့စဉ်ကလည်း ရွာပေါင်း (၁၁) ရွာ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း ခံခဲ့ရပြီး ကျေးရွာ စုစုပေါင်း (၁၅) ရွာမှာတော့ ယနေ့အထိ ကန့်သတ်နယ်မြေအဖြစ် အာဏာပိုင်တွေရဲ့ ထိန်းချုပ်ခြင်း ခံနေရပါတယ်။
ကန့်သတ်နယ်မြေတွေရဲ့ အကျိုးရလဒ်ကြောင့် ဒေသခံပြည်သူတွေဟာ မိမိတို့ အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေဖြစ်တဲ့ တောင်ယာ၊ လယ်ယာစိုက်ပျိုးခြင်း၊ အိမ်မွေး တိရိစ္ဆာန်မွေးမြူခြင်း၊ တောလိုက်ခြင်းနဲ့ ငါးဖမ်းခြင်း စတဲ့ တနိုင်တပိုင် အလုပ်တွေကို လက်လွတ်ဆုံးရှံုးခဲ့ကြပါတယ်။
အခု တည်ဆောက်မယ့် ရေကာတာဟာလည်း ၀ဲကြီး ရေကာတာနဲ့ လောပိတ ရေအားလျပ်စစ်စက်ရုံလိုပဲ အကယ်၍ တည်ဆောက်မယ်ဆိုရင် စစ်အစိုးရအတွက် ကိုယ်ကျိုးစီးပွားနဲ့့ စစ်ရေးမှာ အသုံးပြုဖို့ ငွေကြေး အမြောက်အများ ရရှိစေမှာဖြစ်ပါတယ်။
ရေကာတာ ကြီးကြီးမားမား မတည်ဆောက်ခဲ့ရင်လည်း တစုံတရာ အန္တာရာယ်က ကင်းဝေးနိုင်တယ်လို့ တထစ်ချ မဆိုနိုင်သေးပါဘူး။
ကျောက်ကြီး ခေါ် ကျောက်ညှပ်မှာ တည်ဆောက်မယ့် ရေကာတာ ပြီးဆုံးရင်တော့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ၀င်ရောက်မဖျက်ဆီးနိုင်ဖို့ ရေကာတာရဲ့ လုံခြံုရေး အကြောင်းပြပြီး အဲဒီဒေသတဝိုက်မှာ စစ်တပ်အင်အား ထပ်မံတိုးချဲ့လာနိုင်တဲ့အပြင်၊ အနီးအနား နေထိုင်ကြတဲ့ ဒေသခံတွေကို အဓမ္မ ခိုင်းစေခြင်း၊ အိမ်မွေး တိရိစ္ဆာန်တွေကို လုယက်ခြင်း စတဲ့ နည်းမျိုးစုံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရအုံးမှာ ဖြစ်ပါတယ်။
ကရင်နီပြည်သူတွေ အနေနဲ့ စစ်အစိုးရတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရေကာတာစတင်တည်ဆောက်ချိန်က စပြီး၊ တည်ဆောက်ပြီးစီးတဲ့ အချိန်အထိ သာမက တည်ဆောက်ပြီးနောက်ပိုင်းတွင်လည်း ဆက်လက်ခံစားနေရမှာ မလွဲပါ။
ဒါပေမယ့် အခု တည်ဆောက်မယ့် ရေကာတာဟာ စစ်အစိုးရတို့က တိတ်တဆိတ် စီမံကိန်း ချထားတဲ့အတွက် ရေကာတာရဲ့ အကြီးအငယ် အရွယ်အစားနဲ့ ကရင်နီပြည်သူတွေအတွက် ဘယ်လောက်ဆုံးရှံုးနစ်နာမှု ရှိနိုင်မလည်းဆိုတာကို KDRG အဖွဲ့က လက်ရှိမှာ ခန့်မှန်းပြောဆိုဖို့ စောနေသေးတယ်လို့ ပြောပါတယ်။
ကရင်နီပြည်သူတွေမှာ စစ်အစိုးရ တည်ဆောက်ခဲ့တဲ့ ရေကာတာတွေကြောင့် ဆုံးရှံုးနစ်နာမှုတွေ ရှိခဲ့တယ်ဆိုတာ သက်သေ သာဓကတွေရှိခဲ့ပါတယ်။ ဆုံးရှံုးမှုတွေထဲက အကောင်းဆုံး ဥပမာ တခုက ‘လောပိတ ရေကာတာ’ ဖြစ်ပါတယ်။ ဒီရေကာတာကြီးဟာ ကရင်နီပြည်မှာ ရှိနေပေမဲ့ ပြည်သူတွေအတွက် တစုံတရာ အကျိုးမရှိဘူး ဆိုတာကို ကရင်နီလူထုတွေ အသိဆုံး ဖြစ်ပါတယ်။
လူထုတွေ ဆုံးရှုံး၊ နစ်နာခဲ့ရသလောက် စစ်အစိုးရအတွက်သာ အကျိုးအမြတ် ဖြစ်စေတဲ့ ဒီရေကာတာ တည်ဆောက်မှုတွေဟာ ကရင်နီပြည်သူတွေအတွက် ပေးဆပ်မှု သက်သက်သာ ဖြစ်နေအုံးမယ်ဆိုရင် အခုဆောက်မယ့် ရေကာတာအတွက်လည်း ထပ်မံပေးဆပ်ယုံကလွဲပြီး အကျိုးကျေးဇူး တစုံတရာ မျှော်ကိုးစရာ ရှိအုံးမှာလည်း။