နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပိုမိုထိရောက်ပြင်းထန်သော မူဝါဒများ ချမှတ်ကျင့်သုံးရန် ဖိလစ်ပိုင်နိုင်ငံ အကွီနိုအစိုးရ အဖွဲ့သစ်အား မြန်မာ့လွတ်မြောက်ရေး ဖိလစ်ပိုင်ညွန့်ပေါင်းအဖွဲ့ FBCP က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။
မြို့တော်မနီလာရှိ Rizal Park တွင် ဘီနစ်နို အကွီနို (၃) က တရားသူကြီးချုပ် ကွန်ချီတာကာပီယိုမော်ရဲလ်၏ ရှေ့မှောက်၌ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့အပြီး ထိုတောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ့လွတ်မြောက်ရေး ဖိလစ်ပိုင်ညွန့်ပေါင်းအဖွဲ့ FBCP သည် ဖိလစ်ပိုင်လူမျိုး တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်သည်။
“အကွီနို အစိုးရရဲ့ မူဝါဒတွေထဲမှာ လူ့အခွင့်အရေး ကိစ္စတွေကို တွန်းအားပေးဖို့ ချမှတ်ထားတဲ့အတွက် လူ့အခွင့်အရေးကို ဦးစားပေးတဲ့ မူဝါဒတွေဟာ ပိုအားကောင်း လာမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံအသွင်ကို အောင်မြင်စွာ ကူးပြောင်းရေးနဲ့ အရှေ့တောင်အာရှဒေသမှာ ဒီမိုကရေစီ ထွန်းကားရေးတွေကို ဖိလစ်ပိုင်က အထောက်အကူပြု ဦးဆောင်ပေးနိုင်ဖို့ ပိုပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ လိုပါလိမ့်မယ်” ဟု FBCP ပြောရေးဆိုခွင့်ရှိသူ Egoy Bnas က မဇ္စျိမကို ပြောသည်။
အကွီနိုသည် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အာဏာအလွဲသုံးစား ပြုလုပ်မှုများ၊ အကျင့်ပျက် လာဘ်စားမှုများဖြင့် စွပ်စွဲခံနေရသည့် သမ္မတဟောင်း မစ်(စ်)ဂလော်ရီယာအာရိုယိုကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
တရားသူကြီးချုပ်သည် ဒုတိယ သမ္မတ ဂျက်ဂျိုမာဘင်နေ၏ ကျမ်းသစ္စာကျိန်ဆိုမှုကိုလည်း သက်သေခံခဲ့ပြီး သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။
Egoy Bans က “သမ္မတသစ်ဟာ ဖိလစ်ပိုင်မှာသာ မကဘဲ အရှေ့တောင်အာရှ ဒေသတခွင်မှာပါ ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်” ဟု ဆိုသည်။
သူက ဆက်ပြီး ’’သမ္မတသစ် အကွီနိုဟာ သူ့အရင် သမ္မတထက် ပိုမိုထိရောက်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နိုင်လိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီရေးကို အပြည့်အဝ ထောက်ခံခဲ့တဲ့ သူ့အမေ ကိုရာဇန် အကွီနိုရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောဆိုသည်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစိုးရချင်း လူ့အခွင့်အရေးကော်မရှင် AICHR က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများနှင့် ပြဿနာ များအား စစ်ဆေးဆောင်ရွက်ရန်နှင့် ပိုမိုထိရောက်သည့် လူ့အခွင့်အရေး အကာအကွယ်ပေးရေး နည်းလမ်းများကို ချမှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း FBCP က ဆိုသည်။
ဖိလစ်ပိုင် အစိုးရသည် မြန်မာစစ်အစိုးရ၏ ယခုနှစ်အတွင်း ကျင်းပမည့် တဖက်သတ်ဆန်သည့် ရွေးကောက်ပွဲကိုလည်း ပြင်းထန်စွာ ရှုှုတ်ချခဲ့သည်။ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထောင်ဂဏန်းရှိ နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲတွင် ပါဝင်လာခြင်း မရှိစေရန် တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေများအား ယခုနှစ် မတ်လက ချမှတ်ပြဋ္ဌာန်းခဲ့သဖြင့် အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။
“ဖိလစ်ပိုင်အစိုးရနဲ့ တခြား အာဆီယံနိုင်ငံတွေက စစ်အစိုးရရဲ့ တဖက်သတ်ဆန်တဲ့ ရွေးကောက်ပွဲကို ရှုှုတ်ချပေးဖို့နဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို စစ်အစိုးရက ပြောင်းလဲပေးအောင် တွန်းအားပေးကြတာကို အလိုရှိပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူနည်းစု တိုင်းရင်းသားတွေကို နှိပ်စက်နေတာတွေကို ရပ်တန့်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ပြီး ပြောင်းလဲပေးဖို့ အလေးအနက် တောင်းဆိုပါတယ်” ဟု Bans က ပြောခဲ့သည်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန အတွင်းရေးမှူး Alberto Romulo ကလည်း ဇန်နဝါရီလ အစောပိုင်းက ဗီယက်နမ်နိုင်ငံ Da Nang တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေဖို့ တောင်းဆိုလိုက်သည်။ စစ်အစိုးရက ထိုကဲ့သို့ ပြုလုပ်ပေးခြင်း မရှိခဲ့လျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းပြမြေပုံသည် အတုအယောင်မျှသာ ဖြစ်လိမ့်မည် ဟုလည်း ဝေဖန်ပြောဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး Romulo ချမှတ်ထားသော မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် အထောက်အကူပေးရေး လမ်းစဉ်ကို အကွီနိုအစိုးရက ဆက်လက်စွဲကိုင် ဆောင်ရွက်မည့် အရိပ်အယောင်များ ပြခဲ့သဖြင့် အကွီနို အစိုးရသည် မြန်မာ့ဒီမိုကရေစီရေးကို ထိရောက်သော မူဝါဒများဖြင့် ဆက်လက်ကူညီမည်ဟု ထင်မြင်ကြောင်း Bans က ဆိုသည်။
အကယ်၍ ဖိလစ်ပိုင် သမ္မတသစ်၏ အဖွင့်မိန့်ခွန်းထဲကအတိုင်း အာဆီယံဒေသအတွင်း ကောင်းမွန်သော အစိုးရများ အုပ်ချုပ်သည့် ခေတ်တခေတ် ထူထောင်နိုင်ပြီး အကျင့်ပျက်ခြစားမှုများ ကင်းရှင်းကာ အစိုးရများအနေဖြင့် လူထုနှင့်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် မြန်မာနိုင်ငံသားများသည်လည်း အကွီနို၏ မူဝါဒ အကျိုးကျေးဇူးကို ခံစားကြရလိမ့်မည်ဖြစ်သည်။