ရန်ကုန်-ဟိုချီမင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်သစ်တခုကို ဗီယက်နမ်လေကြောင်း Vietnam Airline က တိုးချဲ့ပျံသန်းသွားမည်ဟု ရန်ကုန်အခြေစိုက် ဗီယက်နမ် လေကြောင်း (မြန်မာ) ရုံးခွဲထံမှ စုံစမ်းသိရှိရသည်။
ထိုင်ခုံအလုံးရေ ၁၅ဝ ဝင်ဆံ့သည့် A 320 Airbus အမျိုးအစား လေယာဉ် ၄ စီးဖြင့် ယခုနှစ် အောက်တိုဘာမှ စတင်၍ တပတ်လျှင် ၄ ကြိမ် ပြေးဆွဲမည်ဟု မြန်မာရုံးခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။ နေ့ရက်နှင့် စျေးနှုန်းများကိုမူ မသတ်မှတ်ရသေးပါ။
“အခုက ဗီယက်နမ်နဲ့ မြန်မာနဲ့ စီးပွားရေး လမ်းကြောင်းအရ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပြီဆိုတော့ ဟိုကလုပ်ငန်းရှင်တွေ အလွယ်တကူ လာနိုင်မယ်။ ဒီကနေပြီးတော့ အာရှနဲ့ ဥရောပဘက်ကို ဗီယက်နမ်ကနေတဆင့် သွားနိုင်အောင်လို့ အဲလိုင်း air line ထပ်တိုးလိုက်တာလို့ သိရပါတယ်” ဟု မြန်မာရုံးခွဲ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။
Vietnam Airline က ယခုနှစ် မတ်လ ၂ ရက်နေ့၌ မြန်မာနိုင်ငံနှင့် လေကြောင်းလိုင်း စတင်ဖွင့်လှစ်ခဲ့ပြီး ဟနွိုင်း-ရန်ကုန် ခရီးစဉ်ကို ထိုင်ခုံ ရ၈ လုံးဆံ့ Fokker 70 အမျိုးအစား လေယာဉ် ၄ စီးဖြင့် တိုက်ရိုက်ပျံသန်းခဲ့သည်။ တပတ်လျှင် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေ ၄ ကြိမ် ပြေးဆွဲလျက်ရှိပြီး စျေးနှုန်းမှာ အသွားအပြန် အမေရိကန် ဒေါ်လာ ၃၃၄ ဖြစ်ပြီး အသွားတကြောင်းထဲဆိုလျှင် ၂၆၅ ဒေါ်လာ ဖြစ်သည်။
ခရီးစဉ် နှစ်ခုလုံးသည် ဗီယက်နမ်နိုင်ငံမှ စတင်မည်ဖြစ်ပြီး ဟိုချီမင်း-ရန်ကုန် ခရီးစဉ် စတင်သည်နှင့် တပြိုင်တည်း ဟနွိုင်း-ရန်ကုန် ခရီးစဉ်ကိုလည်း လေယာဉ်တစီး ထပ်တိုးမည်ဟု မြန်မာရုံးခွဲက ပြောသည်။
ထို့ကြောင့် ဗီယက်နမ်နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်း ၂ လိုင်းပေါင်းလျှင် လေယာဉ် ၉ စီး ဖြစ်သွားပြီး၊ တပတ်အတွင်း အသွား ၉ ကြောင်း၊ အပြန် ၉ ကြောင်း စုစုပေါင်း ၁၈ ကြောင်း ပြေးဆွဲတော့မည်ဖြစ်သည်။
ဟိုချီမင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ဟနွိုင်းမြို့မှ တဆင့်ခံ လေယာဉ်ပြောင်းစီးရန် မလိုတော့သဖြင့် အချိန်နှင့် ငွေကြေး သက်သာသွားမည်ဟု ရုံးခွဲတာဝန်ရှိသူက ဆိုသည်။
ရန်ကုန်-ဟိုချီမင်း လေကြောင်းခရီးစဉ် လက်မှတ်များကို ရန်ကုန်-ဟနွိုင်း လေကြောင်းလိုင်း လက်မှတ်များ ရောင်းချပေးနေသော Sun Far ၊ Nice Fare ၊ Columbus နှင့် Sawpoinphan လက်မှတ် အရောင်းဌာနများ၌ပင် ဝယ်ယူနိုင်မည်ဖြစ်သည်။
ယခုနှစ်အတွင်း ဗီယက်နမ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ လုပ်ဆောင်လာပြီး ဗီယက်နမ် လုပ်ငန်းရှင်များသည်လည်း လေကြောင်းလိုင်းဖြင့် လာရောက်လေ့ ရှိကြောင်း ကုန်သည်/စက်မှုအသင်းချုပ် အမှုဆောင်အရာရှိ ဦးထွန်းရွှေက ပြောသည်။
ယခု လေကြောင်း ခရီးစဉ်အသစ်သည် ဧပြီလဆန်းပိုင်းက ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၏ ၃ ရက်ကြာ “အလုပ်သဘော” ခရီးစဉ်အပြီး ပေါ်ပေါက် လာခြင်း ဖြစ်သည်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဝန်ကြီးချုပ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှု အပါအဝင် စိုက်ပျိုးရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ကဏ္ဍများ အပါအဝင် စုစုပေါင်း ကဏ္ဍ ၁၂ ခုကို နေပြည်တော်၌ စာချုပ်ချုပ်ဆိုခဲ့ကြသည်။
ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဘဏ် BIDV ကိုယ်စားလှယ်ရုံးကိုလည်း ရန်ကုန်မြို့၌ ဗီယက်နမ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သေးသည်။
နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ တိုးတက်လျက်ရှိပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ဝ၈ သန်းအထိ ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ်ကထက် ၁ဝ ရာခိုင်နှုန်း ပိုလာခဲ့သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဖြစ်နေသည့်တိုင် ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှုပမာဏ သန်း ၁ဝဝ ခန့်အထိပင် ရှိခဲ့ကြောင်း လေ့လာသိရသည်။ ယခုနှစ်အတွက်မူ သန်း ၂ဝဝ အထိ တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ထားကြသည်။
မြန်မာနိုင်ငံနှင့် လေကြောင်းခရီးစဉ် အဓိကပြေးဆွဲနေသည့် နိုင်ငံများမှာ မလေးရှား၊ စင်္ကာပူ၊ ထိုင်းတို့ ဖြစ်ကြပြီး လေကြောင်းကုမ္ပဏီ စုစုပေါင်း ၂၄ ခုရှိကြောင်း Sun Far လေယာဉ်လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။