(ဟားခါး) ချင်းပြည်နယ်နှင့် ကပ်လျက်ရှိနေသည့် မကွေးတိုင်း ဂန့်ဂေါမြို့ရှိ လေယဉ်ကွင်း အဟောင်းကို မြို့ရံပုံငွေအတွက် ရောင်းချပေးတော့မည် ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခယက) ဥက္ကဌကြီးက ဂန့်ဂေါ မြို့တွင်း ဖွံ့ဖြိုးတိုးတက်လာရန်နှင့် မြို့တွင်း ကတ္တာရာလမ်းများ ပြုပြင်ရန်အတွက် အသုံးချနိုင်ရန် ဂန့်ဂေါမြို့ လေယဉ်ကွင်းဟောင်းကြီးအား အိမ်ယာဝန်းများ အဖြစ်ပြောင်းလဲ ရောင်းချရန် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နေ့ရက်မှ စတင်ရောင်းချ မည်ကိုမူ ပြောကြားခြင်း မရှိခဲ့ကြောင်း ဂန်ဂေါမြို့ခံက ပြောသည်။
ယခုလို ရောင်းချပေးရန် စီစဉ်နေသည့် သတင်းထွက်လာသည့်နှင့်အမျှ မြို့မျက်နှာဖုံးများနှင့် ငွေရှင်ကြေးရှင်များက အလုယက် ဝယ်ယူရန် ခယကရုံးသို့ ရောင်းချပေးမည့် နေ့ရက်ကာလကို မျက်ခြေမပျက် စုံစမ်းနေလျက်ရှိကြသည်ဟု သိရှိရသည်။
လေယဉ်ကွင်းကြီးသည် ဂန်ဂေါမြို့လယ်ခေါင်တွင် တည်ရှိသည့်အတွက်ကြောင့် မြို့ခံ အတော်များများက အိမ်ဝန်းအတွက် မျက်စိကျနေကြသည်ဟု မြို့ခံတဦးက ပြောသည်။
“သူတို့က အလုအယက် ဖြစ်တယ်ဆိုတာက လေယဉ်ကွင်းကြီးက မြို့လယ်ခေါင် တည့်တည့်မှာ ဖြစ်နေတယ်လေ။ ပြီးတော့ စေတီပထိုးတွေနှင့်လည်း နီးတယ်။ မြို့မစျေးကြီး နှင့်လည်း နီးတယ်။ ပြည်သူ့ဆေးရုံးကြီးနှင့်လည်း နီးတယ်ဆိုတော့ လုနေကြတာပေါ့” ဟု သူက ဆက်ပြောသည်။
ဂန့်ဂေါမြို့ပေါ်နေ လူဦးရေ (၃ဝ) ရာခိုင်နူန်းခန့်သည် ချင်းမျိူးနွယ်စုများ ဖြစ်ကြပြီး အများအားဖြင့် တောင်ပိုင်းချင်းများ ဖြစ်ကြသည်ဟု သိရသည်။