NLD ခေါင်းဆောင်များ ပါတီအောက်ခြေထုနှင့် ထိတွေ့

NLD ခေါင်းဆောင်များ ပါတီအောက်ခြေထုနှင့် ထိတွေ့
by -
မြင့်မောင်
ပါတီအောက်ခြေထုနှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက တိုင်းနှင့် ပြည်နယ်များရှိ အဖွဲ့ဝင်များထံ သွားရောက်တွေ့ဆုံမှုများ ပြုလုပ်....

နယူးဒေလီ (မဇ္စျိ)။     ။ ပါတီအောက်ခြေထုနှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက တိုင်းနှင့် ပြည်နယ်များရှိ အဖွဲ့ဝင်များထံ သွားရောက်တွေ့ဆုံမှုများ ပြုလုပ်နေကြသည်။

ယခုလ ၁၂ ရက်နေ့မှ စတင်ကာ CEC အဖွဲ့ဝင် ဦးအုန်းကြိုင်နှင့် ဗဟိုအလုပ်ကော်မတီဝင် ဦးကြည်ဝင်းက မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးနှင့် မကွေးတိုင်း ပခုက္ကူသို့ သွားရောက်နေသကဲ့သို့ CEC အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးဟံသာမြင့်၊ ဗဟန်း NLD ဥက္ကဋ္ဌ ဦးအောင်မြင့်တို့က ကရင်ပြည်နယ်သို့ ယခုလ ၁၉ ရက်နေ့မှ စတင်ကာ သွားရောက်နေခြင်း ဖြစ်သည်။

’’ကျနော်တို့က နိုင်ငံရေးဆန်တဲ့ အစည်းအဝေး လုပ်တာတို့၊ ဆုံးဖြတ်ချက်ချတာတွေ ထုတ်ပြန်ခြင်း၊ ကြေညာခြင်း၊ အောက်ခြေထုကို ညွှန်ကြားခြင်း မလုပ်တော့ပါဘူး။ ဒါကြောင့် အောက်ခြေရဲ့ အခြေအနေတွေကိုလည်း မသိတော့ပါဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဘက်တွေကို သွားရောက်ထိတွေ့ပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မှာပါတယ်။ အောက်ခြေရဲ့ အခက်အခဲတွေ နားထောင်စေချင်တယ်။ ထိတွေ့မှုကလည်း မရှိတော့ ထိတွေ့စေချင်တယ်။ ဒါကြောင့် ထွက်လာခဲ့တာပါ’’ ဟု ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခွင့်များ ရရှိစဉ်က အောက်ခြေထုထံ သွားရောက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲများတွင် NLD အနေဖြင့် နိုင်ငံရေးဆန်သော အလုပ်များ မပြုလုပ်သော်လည်း ပါတီရည်မှန်းချက်ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ငြိမ်းချမ်းစွာ ထူထောင်ရေး ဆွဲကိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေး အင်အားစုကြီး အဖြစ် ဆက်လက်လုပ်ကိုင်သွားရန် မြို့နယ်ခေါင်းဆောင်များသို့ ပြောကြားခဲ့ကြသည်။

ထို့အပြင် စစ်အစိုးရ ထုတ်ပြန်သည့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများ၊ နည်းဥပဒေများအရ ပါတီကို ပြန်လည်မှတ်ပုံခြင်း မရှိခဲ့ပုံများကို အောက်ခြေထုထံ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ကြရာ မြို့နယ်အဖွဲ့ဝင်များကပါ အားတက်သရော ထောက်ခံခဲ့ကြောင်းနှင့် အဖွဲ့ချုပ် ချမှတ်ထားသည့် မူဝါဒနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို အပြည့်အဝ လက်ခံကာ လုပ်ဆောင်သွားမည်ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

CEC ခေါင်းဆောင်များက မြို့နယ်အဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုနှင့် နိုင်ငံရေး ရည်ရွယ်ချက် ပါရှိသည့် လုပ်ငန်းများ ဆောင်ရွက်ကြရန်လည်း မှာကြား ခဲ့ကြသေးသည်။

ဦးအုန်းကြိုင်က “နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ် ဆိုတာ ပြောပြပါ၊ မြို့နယ်တွေမှာရှိတဲ့ ကျနော်တို့နဲ့ ယုံကြည်ချက်တူတဲ့၊ နှလုံးသားချင်းတူတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဆက်ပြီးတော့ တတ်နိုင်သလောက် ပြည်သူ့အကျိုးပြု၊ နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ပြောပေးပါလို့ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာ ဦးဝင်းတင်တို့က မှာလိုက်တယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်း တွေ့ဆုံပွဲများတွင် မန္တလေးတိုင်း ခေါင်းဆောင်များဖြစ်သည့် ဦးသိန်းတန်၊ ဒေါက်တာဇော်မြင့်မောင်၊ အဖွဲ့ဝင်များဖြစ်သည့် ကိုမျိုးနိုင်နှင့် ဦးမောင်မောင်သန်းတို့ လိုက်ပါခဲ့ကြောင်းနှင့် မန္တလေးတိုင်း ခရီးစဉ်အပြီး မကွေးတိုင်းရှိ ပခုက္ကူအပါအဝင် အခြားမြို့နယ်များသို့ ဆက်လက်သွားရောက်မည်ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် ဦးဆောင်သည့် အဖွဲ့ကလည်း ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ကရင်ပြည်နယ် ခရီးစဉ်အဖြစ် လှိုင်းဘွဲ့မြို့နှင့် ဖားအံမြို့တို့ကို သွားရောက်နေကြကြောင်း သိရသည်။  ဦးဝင်းတင်သည် ယခုနှစ်အတွင်း မန္တလေး၊ ပဲခူးနှင့် ရန်ကုန်တိုင်းအတွင်းရှိ ပါတီဝင်များထံ သွားရောက် တွေ့ဆုံခဲ့သေးသည်။

http://www.mizzimaburmese.com/news/inside-burma/5558-nld---.html