ပြည်ပရောက် မဲထည့်လိုသူ စာရင်း ကောက်ခံ

ပြည်ပရောက် မဲထည့်လိုသူ စာရင်း ကောက်ခံ
by -
မြင့်မောင်
နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းများကို မြန်မာသံရုံးများက စုဆောင်း ကောက်ခံ...

နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းများကို မြန်မာသံရုံးများက စုဆောင်း ကောက်ခံ လျက်ရှိသည်။

အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးက  ”၂ဝ၁ဝ ပြည့်နှစ်အတွင်း ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများ အတွက် ဆန္ဒမဲပေးနိုင်ရေးကိစ္စ’' ဟု ခေါင်းစဉ်တပ်ထားသော အကြောင်းကြားစာကို သံရုံးက တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံသားများထံ လွန်ခဲ့သည့်လ ၂၆ ရက်ကတည်းက ပေးပို့ထားသည်။

မဲထည့်ခွင့်ရှိကာ မဲပေးလိုသူသည် အမည်၊ အသက်အရွယ်၊ ကျားမ၊ မှတ်ပုံတင်အမှတ်၊ သန်းခေါင်းစာရင်းပါ မြန်မာပြည်လိပ်စာတို့ကို ထဲ့သွင်းဖော်ပြ၍ သံရုံးသို့ အကြောင်းကြားရန် စာထဲတွင် ပါရှိသည်။ သို့သော်လည်း မည်သည့်နေ့ရက်တွင် နောက်ဆုံးထား ပေးပို့ရမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

“အားလုံး တပြိုင်ထဲ ပို့တာမျိုး မဟုတ်ဘဲ သူတို့နိုင်သလောက် တရက်ပြီးတရက် ပို့နေတာ ဖြစ်နိုင်တယ်။ ကျနော်တို့က အခွန်ဆောင်စရာရှိတာ ဆောင်တယ်။ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှု မရှိဘူး။ ရှင်းရှင်းလေးပါပဲ တရားမဝင်တဲ့ အစိုးရကို တရားဝင်အောင် လုပ်နေတာပဲ” ဟု အမေရိကန်နိုင်ငံ ဝါရှန်တန်ဒီစီတွင် ၅ နှစ်ကြာ အလုပ်သမားပါမစ်ဖြင့် အလုပ်လုပ်ကိုင်သူ မြန်မာတဦးက မဇ္စျိမကို ပြောသည်။

အကြောင်းကြားစာကို ဝါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များရှိ မြန်မာအချို့ထံ ရောက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့်လ ၁၇ ရက်နေ့မှ စတင်ကာ ပညာတော်သင်များ၊ တရားဝင် အလုပ်သမားများထံ အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး၊ ယခုလ ၃ ရက်နေ့ထက် နောက်မကျစေဘဲ ပြန်ကြားရမည်ဟု ဆိုထားသည်။ စာကို သံမတ်အကြီးကိုယ်စား သံရုံး ပထမအတွင်းဝန် ဦးဝေဇင်ထွန်းက လက်မှတ်ထိုးကာ စာတိုက်မှ တဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံပြင်ပတွင် ရောက်ရှိနေသော ဝန်ထမ်းများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နေထိုင်နေသူများထံမှ ဆန္ဒမဲ ရောက်ယူ ရမှာဖြစ်ပြီး သံရုံးများမှတဆင့် မဲပေးရမည်ဖြစ်သည်။

မလေးရှား၊ စင်္ကာပူနှင့် ဂျပန် စသည့် နိုင်ငံများတွင်လည်း ထိုကဲ့သို့ မဲပေးနိုင်သူ စာရင်းကောက်ခံနေကြောင်း သိရသည်။

ပြည်ပရောက်နေသူ မြန်မာနိုင်ငံသား သန်းနှင့်ချီ၍ ရှိနေပြီး ထိုင်းတနိုင်ငံထဲတွင်ပင် ရွှေ့ပြောင်းလုပ်သား အနညး်ဆုံး ၂ သန်းခန့် ရှိနေသည့်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် မြန်မာဒုက္ခသည် ၁ သိန်းခွဲခန့်ရှိသည်။ အခြားသော အိမ်နီးချင်းနိုင်ငံအချို့ဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်၊ တရုတ်၊ မလေးရှားနှင့် စင်္ကာပူတို့တွင်လည်း အများအပြားရှိနေသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်း မြန်မာ ၅ သောင်း တရားမဝင် ရွှေ့ပြောင်းလုပ်ကိုင်နေကြပြီး မလေးရှားတွင် ၁ သိန်းခွဲကျော် တရားဝင် လုပ်ကိုင်နေကြပြီး တရားမဝင်က ပိုမိုများပြားမည်ဟု ခန့်မှန်းရသည်။

အဝေးရောက် မြန်မာများအနက် နို်င်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိသူ အချိုးအစားက ပိုမိုလျက်ရှိရာ မြန််မာသံရုံးများက ထိရောက်စွာ လုပ်ကိုင်ပေးနိုင်မည် မဟုတ်ဟု ဝေဖန်သူများက ပြောသည်။

ထို့အပြင် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွေ့အကြံုကဲ့သို့ပင် မဲလိမ်မှုများ ရှိနိုင်သည်ဟုလည်း သံသယရှိကြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့တာဝန်ခံ ကိုသံဒုတ်က “သူတို့ဘက်အပိုင်း မဲလိမ်နိုင်အောင်လို့ အချက်အလက် စုဆောင်းတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြည်တွင်းပြည်ပ ကြိုတင်မဲများ အပါအဝင် ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းဖြင့် စစ်အစိုးရက အတည်ပြုကြောင်း ကြေညာခဲ့သည်။