နယူးဒေလီ (မဇ္စျိမ) ။ ။ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခို်င်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ အနိုင်ရရေးအတွက် စစ်တိုင်းမှူးများအနေဖြင့် ဝိုင်းဝန်းလုပ်ဆောင်သွားရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ညွှန်ကြားခဲ့ကြောင်း စစ်ဘက်သတင်းရပ်ကွက်များနှင့် လေ့လာသူများက ပြောသည်။
မေလနောက်ဆုံးပတ်အတွင်းက နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)တွင် ကျင်းပခဲ့သည့် လေးလပတ်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညွှန်ကြားချက်များ အနက် ဝန်ကြီးချုပ်သိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီ အနိုင်ရရေး လုပ်ဆောင်ရန် ညွန်ကြားခဲ့သည်ဟု ဆိုသည်။
” ရွေးကောက်ပွဲ အနိုင်ရရေးကိစ္စ၊ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားနဲ့ လှုပ်ရှားမှု၊ မီးပြတ်ရေပြတ်ကိစ္စတွေ ပါတယ်” ဟု စစ်ဘက် သတင်းရပ်ကွက်တခုက ပြောသည်။ သို့သော် အသေးစိတ်ပြောရန်ကိုမူ သူက ငြင်းဆန်သည်။
၄ လပတ် အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖ ကောင်စီဝင်များ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊ တပ်မမှူး၊ စစ်ဘက်ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များ၊ ကက်ဘိနက်အဖွဲ့ဝင်များ တက်ရောက်လေ့ရှိသည်။
တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း “ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စစ်တိုင်းမှူးတွေကို ညွှန်ကြားတယ်လို့ ကျနော်တို့ ကြားမိတယ်။ ” ဟု ပြောသည်။
အစည်းအဝေးတွင် အလေးထား ဆွေးနွေးချက် အခြားတခုမှာ ရေကာတာစီမံကိန်းများ နိုင်ငံအဝှမ်း အလေးထား တည်ဆောက်ခဲ့သော်လည်း လျှပ်စစ်မီးနှင့် သောက်သုံးရေ လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသည့် အကြောင်းအရာဖြစ်သည်ဟု နေပြည်တော်ရှိ စစ်ဘက်သတင်း ရပ်ကွက်တခုက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဓိကအတို်က်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် လူထုအကျိုးပြု လူမှုရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်းအပေါ် ဆွေးနွေးခဲ့ကြသည်။
ပုံမှန်အားဖြင့် လေးလတကြိမ် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ဘက်ရေးရာများ ဆွေးနွေးသော လေးလပတ်အစည်းအဝေးများတွင် ဒေသအသီးသီးမှ စစ်တိုင်းမှူးများက မိမိတို့အုပ်ချုပ်ရာ ဒေသတွင်းရှိ ဖြစ်ပေါ်တိုးတက်မှုများအကြောင်း တင်ပြကြရပြီး စစ်ခေါင်းဆောင်၏ ညွှန်ကြားမှုကို နာယူကြရသည်။
ရက်သတ္တပတ် တပတ်ခန့်ကြာမြင့်သည့် မာရသွန်အစည်းအဝေးများ၏ နောက်ဆုံးရက်တွင် ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒုတိယ အကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့ ကစထမှူးနှင့် စစ်တိုင်းမှူးများ အထူးတံခါးပိတ် သီးသန့်အစည်းအဝေး ပြုလုပ်လေ့ရှိသည်။
ထို့နောက် စစ်တိုင်းမှူးများက မိမိတို့၏ သက်ဆိုင်ရာဒေသများတွင် တိုင်း အစည်းအဝေးများ ထပ်မံကျင်းပပြီး နေပြည်တော်မှ ညွှန်ကြားချက်များကို ခရိုင် ခယကနှင့် မြို့နယ် မယက ဥက္ကဋ္ဌများကို ဆက်လက် ညွှန်ကြားလေ့ရှိသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကြံဖွံပါတီကို ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၉ ရက်နေ့တွင် ပါတီထောင်ခွင့်ပြုခဲ့သည်။
ယခု ရွေးကောက်ပွဲကို ၂ဝဝ၈ ခုနှစ် မေလက ပြုလုပ်သည့် ဆန္ဒခံယူပွဲကဲ့သို့ ပြည်သူ့ဆန္ဒ မပါဘဲ အတင်းအကြပ် ထောက်ခံစေသည့် နည်းဖြင့် ပြုလုပ်လာဖွယ်ရှိကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။
“ပြီးခဲ့တဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းက သူတို့လုပ်ချင်တဲ့ပုံစံမျိုး ခလုပ်နှိပ်ပြီး လုပ်သွားတယ်။ အခု ရွေးကောက်ပွဲမှာလည်း အဲဒီလို ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။
၂ဝဝ၈ ခုနှစ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ မပြုလုပ်မီတွင် တိုင်း ၄ လပတ်အစည်းအဝေး၌ စစ်တိုင်းမှူးများက ခယက၊ မယက ဥက္ကဋ္ဌများကို ကန့်ကွက်မဲများကို ပယ်မဲဖြစ်ရန်၊ ထောက်ခံမဲများ ရရှိရေး နည်းမျိုးစုံဖြင့် လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်းလည်း ထိုင်းနိုင်ငံတွင် နေထိုင်သည့် တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
http://mizzimaburmese.com/news/2010-election/5526-2010-06-16-15-18-06.html