ယခုနှစ်အတွင်း မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် ကရင်နီပြည်တွင်းရှိ လူငယ်များသည် နိုင်ငံရေး အကြောင်းနှင့် ပတ်သက်၍ ပိုမိုစိတ်ဝင်စား လာကြသည်ကို တွေ့ရှိရကြောင်း ကရင်နီအမျိုးသား လူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို)က ပြောသည်။
မြန်မာနိုင်ငံကို အုပ်စိုးနေသော စစ်အစိုးရ အာဏာရှင်စနစ်သည် မှားယွင်းနေခြင်းကြောင့် ကရင်နီလူငယ်များက ၄င်းတို့ဘဝ နစ်မွန်းရသည်ကို သိရှိနားလည်၍ အပြောင်းအလဲ တခုခု လိုလားကြသည့်အတွက် နိုင်ငံရေးဘက်ဆိုင်ရာ အကြောင်းအရာများတွင် စိတ်ပါ၀င်စားလာရခြင်း ဖြစ်သည်ဟု ကေအဲန်ဝိုင်အို ဥက္ကဌ စမ်းရှိုင်းက ပြောသည်။
၄င်းက “အခု ကျနော်နဲ ့အလုပ် တွဲလုပ်နေတဲ့ လူငယ်တွေပေါ့။ သူတို ့ကတော့ စိတ်ဓါတ် အပြည့်အဝပဲ။ နိုင်ငံရေးသာမကဘူး အမျိုးသားရေးကိုပါ စိတ်ဝင်စားတယ်။ သူတို ့ကတော့ အဓိက ဒီအစိုးရ မကောင်းလို ့သူတို ့ဘဝတွေ နစ်မွန်းနေရတာကို နားလည်တယ်လေ။ အဲဒီအတွက် ပြောင်းလဲမှုကို လိုချင်ကြတယ်။ သူတို ့သိကြတာက ဒီအစိုးရ ပြုတ်ရင် ကောင်းမယ်ဆိုတာပေါ့” ဟု ပြောသည်။
ကရင်နီပြည်တွင်း၌ လူငယ်အများစုက အလုပ်လက်မဲ့ ဖြစ်နေသည့်အတွက်ကြောင့် အလုပ်အကိုင်များ ရရှိဖို့သာ စိတ်ဝင်စားကြပြီး နိုင်ငံရေးပိုင်းဆိုင်ရာ အတွေးအခေါ် များ၊ လှုပ်ရှားမှုများနှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်များကို အစိုးရက ပိတ်ပင်ခြိမ်းခြောက်ထားပါသည်။
“အလုပ်လက်မဲ့တွေပေါ့။ သူတို့က အလုပ်ရဖို့ပဲ စိတ်ဝင်စားနေကြတာ။ ကျနော့် သူငယ်ချင်း အတော်များများလည်း ဒီလိုတွေပဲ လှုပ်ရှားဖို့ဆိုရင် ကြောက်ကြတယ်ဗျ။ ကယားပြည်ဟာ အရင်က ကင်နီပြည် ဆိုတာတောင်မှ လူနည်းစုလောက်ပဲ သိကြတာ။ ကရင်နီ သူငယ်ချင်းတွေထဲမှာဆိုရင် ကျနော်လောက်ပဲ သိတာ ဒါတောင် အဖေက ပြောပြလို့လေ။ အဖေက ငယ်ငယ်လေးကတည်းက ကရင်နီ စိတ်တွေ သွင်းထားပေးတာ” ဟု လွိုင်ကော်မြို့မှ ကရင်နီလူငယ်တဦးက ပြောသည်။
လွိုင်ကော်မြို့မှ အခြားသော ကရင်နီလူငယ်တဦးကလည်း “Media တွေလည်း ပိတ်ထားတဲ့ခေတ်၊ ရေဒီယိုကိုလည်း နားထောင်ရင် သီးချင်းကိုပဲ နားထောင်ချင်ကြတဲ့ ခေတ် ဆိုတော့့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကို လူလတ်စားတွေ များများသာ စိတ်ဝင်စားမယ်ဆိုရင် အထက်ကောအောက်ကော ညှိနှိုင်းပြီး စည်းလုံးညီညွတ် ကြရင်တော့ ပြည်သူတွေအားလုံး တန်းတူအခွင့်အရေးကို ရနိုင်င်မယ် ထင်တယ်နော်” ဟု ပြောပါသည်။
ကရင်နီပြည်တွင်းတွင် လူငယ်အမျိုးအစား (၃) မျိုး ရှိကြောင်း၊ ၄င်းတို့မှာ မိဘများ ချမ်းသာမှုနှင့် အပျော်အပါးကို စိတ်ဝင်စားသော လူငယ်များ၊ မိဘများ စားသောက်နိုင်ရုံနှင့် ၀မ်းစာရေးအတွက် မပူရသော လူငယ်များနှင့် မိဘများ ဆင်းရဲမှုနှင့် ၀မ်းစာရေးအတွက် လုံးပန်းနေရသော လူငယ်များ ဟူ၍ ဖြစ်သည်ဟု စမ်းရှိုင်းက ပြောသည်။
ယင်းအထဲတွင် အပျော်အပါးကို စိတ်ဝင်စားသော လူငယ်များမှလွဲ၍ ၀မ်းစားရေးအတွက် မပူရသော လူငယ်များသည် နိုင်ငံရေးဘက်ဆိုင်ရာ ကိစ္စရပ်များတွင် စိတ်ဝင် တစား လှုပ်ရှားနေပြီး လုံးပန်းနေရသော လူငယ်များမှာမူ ဦးဆောင်မှုပိုင်းတွင် အနည်းငယ် အားနည်းနေကြကြောင်း ဆိုသည်။