မိုးဦးကာလချိန် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးရေးကို အလေးထား စိုက်ပျိုးနေကြချိန်တွင် စစ်အစိုးရမှ ဌာနဆိုင်ရာ ၀န်ထမ်းများက လည်း ကြက်ဆူပင် အစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရန် အလုပ်များနေကြသည်ကို တွေ့ရှိရသည်။
မိုးဦးကာလချိန် ဖြစ်သော်လည်း မိုးခေါင်ရေရှာပါးသော ဒေသဘက်တွင် ကြက်ဆူပင်များကို အမြစ်မှ တစ်ပင်မျှမကျန် ဆွဲနုတ်နေကြရသော ၀န်ထမ်းများနှင့် ရွာသားများ အချို့ နှဖူးမှ ချွေးခြေ မကျသည်အထိ အားကုန်စိုက်ထုတ်ပြီး ဆွဲနုတ်နေကြသည်။
ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားလိုက်သည့် အထက်မှ အစိုးရအမိန့် ဖြစ်သည်ဟု သိရသည်။
“ကြက်ဆူပင်ကို ရှင်းလင်းပါ။ မတွေ့ချင်ဘူးတဲ့။ အဲဒီအစား သီးနှံတွေကို ပြန်စိုက်ပါ ဆိုလို့ အားလုံး အရင်က ပင်ပန်းခံ စိုက်ခဲ့တဲ့ အပင်တွေကိုလည်း ခုအမြစ်ကမကျန် ပြန်နုတ် နေကြရတာပါ” ဟု ဌာနဆိုင်ရာ ၀န်ထမ်းတဦးက ပြောသည်။
လွန်ခဲ့သော သုံးနှစ်ကာလလောက်တွင် ကြက်ဆူပင်ကို နိုင်ငံတော် စီမံကိန်းတခု အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အားလုံးကို မစိုက်မနေရ၊ အလေးနက် ထားဆောင်ရွက်ရပါသည်။ ကရင်နီပြည်တွင် ကြက်ဆူပင်ကို စိုက်ရပျိုးရသည်မှာ ကျန်သည့် စိုက်ပျိုးသီးနှံများထက် ပိုအရေးကြီးနေကြောင်း တွေ့မြင်ရပါသည်။
ကြက်ဆူဆီနှင့် မီးဖိုကို အသုံးပြုပြီး ထမင်းဟင်းချက်ခြင်းမျိုး၊ စက်ထဲထည့် မောင်းပြခြင်း၊ ပြသသော အခမ်းအနား တရပ်ကို နိုင်ငံဝန်ထမ်းများနှင့် ပြည်သူတရပ်လုံးက မပျက်မကွက် တက်ရောက်ကြည့်ရှုရပါသည်။
ကြက်ဆူပင်က ဒုက္ခအမျိုးမျိုး၊ ကြက်ဆူပင် စိုက်ခင်း စိုက်ပြီး ပေါင်းမြက်ရှင်းလင်းကြပြီး ဆိုလျှင် မပျက်မကွက် စက်ဘီးမရှိလျှင် ခြေလျင်၊ ကြက်ဆူစိုက်ခင်းကို သွားရ ပါသည်။
ရပ်ရွာလည်း ရပ်ရွာအလျောက်၊ ၀န်ထမ်းလည်း ၀န်ထမ်းအလျောက် စိတ်ညစ်ကြရသည်ဟု သိရသည်။ ယခု ၂၀၁၀ ခုနှစ်တွင် “အနှစ်မရှိတဲ့ ကြက်ဆူပင်” ဟု ဆိုပြန် သည်။
လွိုင်ကော်မြို့နယ် ကျေးလက်တောရွာတရွာမှ သက်ကြီးဝါကြီး အဖိုးအိုတစ်ဦးက “မင်းတို့က တချိန်လုံး ကြက်ဆူပင် စိုက်လိုက်၊ တချိန်လုံး ကြက်ဆူပင် ခုတ်လိုက်နဲ့ ခွေးရူးရူး ကုန်တာပေါ့” ဟု ပြောသည်။
၎င်းကြက်ဆူပင်သည် ကယားလူမျိုးများက “ခွေးရူးပင်” ဟု ခေါ်ကြပါသည်။ အောက်ခြေဝန်ထမ်းများ လုပ်ရကိုင်ရသော အငယ်သားများက “ယတြာလို့ဘဲဆိုဆို၊ အနှစ်မရှိတဲ့ ကြက်ဆူပင်လို့ပြောပြော အချိန်ကုန်၊ ငွေကုန်၊ လုပ်အားဖြုန်းတီး၊ အကျိုးမရှိတဲ့ ကြက်ဆူပင်ပဲ” ဟု ငြီးညူသံများကို ကြားနေရပါသည်။