အာဏာရှင်စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းအား ကမ္ဘာသိအောင် ဗိုလ်မှူး စိုင်းသိန်းဝင်း ထုတ်ဖေါ်ပြီးနောက်ယခု အပတ်အတွင်း ၎င်း၏မိသားစု ချုပ်ချယ်ကန့်သတ် ခံလိုက်ရပြီး မြို့တွင်းအင်တာနက်ဆိုင်များလည်း စစ်ဆေး မေးမြန်းခြင်းခံရကြောင်း ကျောက်မဲသတင်းရပ်ကွက်မှသိရပါသည်။
ဗိုလ်မှူး စိုင်းသိန်းဝင်း ရဲ့ မိသားစုတွေလဲ ချုပ်ချယ်ကန့်သတ်ခံရတယ်။ နောက်တခုက ကျနော်တို့ ကျောက်မဲမှာ အင်တာနက်ဆိုင် ၂ ဆိုင်ဘဲရှိတယ်။ အခုထောက်လှမ်း ရေးတွေ အလုပ်ရှုပ်နေတာဘဲ၊ အင်တာနက် ပိုင်ရှင်ကို ဟိုမေးဒီမေး၊ ဘယ်သူတွေက ဘာဝက်ပ်ဆိုက်တွေ လာကြည့်လဲ စသဖြင့်စစ်ဆေးတယ်။ ဒါပေမယ့် သူတို့လဲ ပြည်ပ မီဒီယာသတင်း စာမျက်နှာတွေကို လာကြည့်သွားတယ်လို့ ပြောတယ်”- ဟု အမည်မဖေါ် လိုသည့် ကျောက်မဲသားတဦးကပြောပါသည်။
စိုင်းသိန်းဝင်း (ဓါတ်ပုံ- S.H.A.N.)
ယခုတပတ်အတွင်း ကျောက်မဲမြို့ရှိ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ မိသားစု မြို့ပြင်ထွက်ရန် ခက်ခဲကြောင်း၊ အစ်ကိုဖြစ်သူ စိုင်းစိုးလွင် အိခြူးစာအုပ်ဆိုင်အတွက် စာအုပ် အရောင်းအဝယ် စာရင်းရှင်းရန်ပင် မန္တလေးမဆင်းရကြောင်း၊ ထို့အတူတခြား မြို့ကြီးသို့ ပညာသင်သွားသည့် စိုင်းသိန်းဝင်း၏ တူ၊ တူမ များကိုလည်းနေရပ် အမြန်ဆုံး ပြန်ရန် ထောက်လှမ်းရေးများက သတိပေးထားကြောင်း ၎င်းကပြော၏။
“ မိသားစုဝင်တွေ အကျယ်ချုပ်သဘောတော့မဟုတ်ဘူး၊ ထောက်လှမ်းရေးတွေ ဒေသခံအာဏာပိုင်တွေရဲ့မျက်ခြေမပြတ် စောင့်ကြည့်ခြင်းခံနေရတဲ့သဘော၊ မြို့တွင်း စျေးဝယ် တာလောက်တော့ရပါတယ်” - ဟု တခြားကျောက်မဲသား တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ဖေဖေါ်ဝါရီလက ပြည်ပသို့ တိမ်းရှောင်သည့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းတွင်ဖခင်မရှိတော့ကြောင်း၊ မိခင်လည်း အသက် ရ၀ နားနီးနေပြီဖြစ်ကြောင်း၊ မောင်နှမ ၄ ယောက် အနက် အကြီးဆုံးမှာ ကွယ်လွန်ပြီဖြစ်ကြောင်း၊ ၎င်းမှာအငယ်ဆုံးဖြစ် ကြောင်း အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။
ဗိုလ်မှူး (ဟောင်း) စိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာတက္ကသိုလ်မှ ၁၉၉၉ ခုနှစ်တွင်ကျောင်းပြီး၏။ ရုရှားမှ ဒုံးပျံအင်ဂျင် ဘာသာရပ်ဆိုင်ရာဘွဲ့ရရှိသူလည်းဖြစ်၏။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံ (မန္တလေးတိုင်း သပိတ်ကျင်းလျှို့ဝှက်စစ်လက်နက်အတွက်အထောက်အကူပြုစက်ရုံ) ဒု စက်ရုံမှူး တာဝန်ထမ်းဆောင် ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်းလျှို့ဝှက်စာ တမ်းနှင့်အတူနျူကလီးယား လက်နက် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ သက်သေပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။