ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ပြည်သူများကိုပါ စစ်အစိုးရတပ် အသုံးချ

ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ပြည်သူများကိုပါ စစ်အစိုးရတပ် အသုံးချ
by -
ကို(၂)
ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းရှိ ကျေးရွာများတွင် မြန်မာစစ်အစိုးရတပ်များက ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးများ လိုက်လံလုပ်ဆောင်နေပြီး ဒေသခံ ပြည်သူများကိုပါ အသုံးချကူညီစေခိုင်းသည်ဟု ဒေသခံများက ပြော....

ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းရှိ ကျေးရွာများတွင် မြန်မာစစ်အစိုးရတပ်များက ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးများ လိုက်လံလုပ်ဆောင်နေပြီး ဒေသခံ ပြည်သူများကိုပါ အသုံးချကူညီစေခိုင်းသည်ဟု ဒေသခံများက ပြောသည်။

ယခုနှစ်အတွင်းတွင် မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူများအား ပါ၀င်ထောက်ခံစေချင်သည့် အနေဖြင့် စည်းရုံးရခြင်း ဖြစ်သည်ဟု ယူဆကြောင်း အမှတ် ၂ ခရိုင်မှ ပြည်တွင်းလုပ်သားတဦးက ပြောသည်။

သူက “တရွာကို ၅၀၀၀ ကျပ်စီ ပေးတယ်။ ရွာကြီးရွာငယ် မရွေးဘူး။ သူတို့ လုပ်တာ ၂၀၁၀ ရွေးကောက်ပွဲ စည်းရုံးရေးလို့ သူတို့ ဘာမှတော့ မပြောပါဘူး။ ဒါပေမယ့် ဒီလှုပ်ရှားမှုအပေါ် ကျနော်တို့ အမြင်ကတော့ ၂၀၁၀ စည်းရုံးရေး ကဏ္ဍတခုပဲ” ဟု ပြောသည်။

စစ်အစိုးရတပ်များသည် အချို့ဒေသများတွင် ၎င်းတို့ကိုယ်တိုင် စည်းရုံးရေး ဆောင်ရွက်နေသော်လည်း ပြည်သူများနှင့် တိုက်ရိုက်တွေ့ဆုံရန် ခက်ခဲသည့် နေရာများမှာ အလှူငွေ ထည့်ထားပြီး ညွန်ကြားချက်များဖြင့် ဒေသခံပြည်သူများမှတဆင့် သွားရောက်လှုပ်ရှားခိုင်းသည်ဟု လုပ်ဆောင်ပေးသော ဒေသခံတဦးက ပြောသည်။

စစ်အစိုးရတပ်များ၏ စည်းရုံးရေး လှုပ်ရှားခိုင်းမှုအရ မှတ်တမ်းဓါတ်ပုံများ ရိုက်ရပြီး ၎င်းတို့ထံ ပြန်လည်အပ်နှံရကြောင်း၊ အခကြေးငွေလည်း မရရှိဘဲ ၎င်းတို့ ညွန်ကြား ထားသည့် အမိန့်အတိုင်းကြောင့်သာ ပြုလုပ်ပေးရကြောင်း ဆိုသည်။

“သူတို့ မရောက်နိုင်တဲ့ နေရာတွေမှာ ရွာသားတယောက်ကို သွားခိုင်းထားတယ်။ ကင်မရာ ပေးတယ်၊ ပိုက်ဆံ ပေးတယ်။ ပြီးတော့ လူထုတွေဆီ ရောက်တော့ ပိုက်ဆံ ငါးထောင်တန်ကို ရွာသားတွေ အများကြီး လာဝိုင်းခိုင်းလိုက်ပြီး ဓါတ်ပုံ ရိုက်မှတ်ထားတယ်လေ။ ဒါက ကျေးရွာသူ၊သားတွေကို ပိုက်ဆံ ပေးတယ်။ သူတို့ ရောက်ရှိတဲ့ နေရာတွေ ဆိုပြီး အဲဒီမှတ်တမ်းတွေ အားလုံးက သူတို့ အထက်အရာရှိတွေဆီကို ပြန်တင်ပြရမှာ ဖြစ်တယ်” ဟု ၎င်းဒေသခံက ပြောသည်။

ယခုနှစ်ဆန်းပိုင်းကတည်းမှ စတင်၍ အမှတ် ၂ ခရိုင်အတွင်းရှိ မော်ချီးဒေသတွင် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည့်အနက် လာခိ၊ ကြွာပို၊ ဖိုးဘုခို၊ ကော်ပေါ်ထာ၊ ရွာဒဂါး၊ ကာပွေဒို၊ ကာပွေဖိုး၊ ခိဝေါ်၊ ပဟော့ခိုနှင့် နားကိ စသည့် ကျေးရွာများမှာ စစ်အစိုးရတပ်များမှ စည်းရုံးလှုပ်ရှားနေပြီး ဖာဆောင်းမြို့နယ်ရှိ အချို့ဒေသများလည်း ရှိနေသည်ဟု သိရသည်။

Most read this week