အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်း

အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်း
by -
သောမတ်စ်မောင်ရွှေ
မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းဆောင်ရွက်မှု ရှိနေသည်ဟူူသော စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကာ မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြု....

မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ နျူကလီးယားရရှိရေး ကြိုးပမ်းဆောင်ရွက်မှု ရှိနေသည်ဟူူသော စွပ်စွဲချက်များ ထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကာ မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်း မပြုဟုဆိုကာ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက် (Jim Webb) က သူ၏ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်သည်။

မစ္စတာ ဂျင်မ်ဝက်သည် ကိုရီးယား၊ ထိုင်း၊ မြန်မာ အာရှ ၃ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းအဖြစ် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက် လည်ပတ်ရန် စီစဉ်ထားခဲ့ရာမှ  ခရီးစဉ်အား ရုတ်ချည်း ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။ သူသည် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် အခြား အရာရှိ များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာမှ ယခုကဲ့သို့ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် သူက စစ်အစိုးရသည် မြောက်ကိုရီးယားနှင့် ချိတ်ဆက်၍ နျူကလီးယား ရရှိရေး အစီအစဉ်ကို အကောင်အထည် ဖော်နေသည်ဟု စွပ်စွဲချက်များအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ရေးသားထားခဲ့သည်။ မြန်မာစစ်တပ်မှ ထွက်ပြေးလာခဲ့သော အရာရှိတဦးကလည်း စစ်အစိုးရတွင် နျူကလီးယား အစီအစဉ်ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ထိုအစီအစဉ်ကို သက်သေပြရန်အတွက် အထောက်အထား စာရွက်စာတမ်းများလည်း ရှိသည်ဟု ပြောဆိုခဲ့သည်။

ကြေညာချက်ထဲတွင် ”မြောက်ကိုရီးယားဆီကနေ လက်နက်တွေ သင်္ဘောတစီးနဲ့ ပို့ခဲ့တယ်လို့ သံသယရှိတော့  ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို မြန်မာက ချိုးဖောက်တာဖြစ်တယ်လို့ မကြာသေးခင်က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် မကြာသေးခင်က စွပ်စွဲထားတယ်။ အခုဆိုရင် မရှင်းရ သေးတဲ့ အလေးအနက် ထားရမယ့် ကိစ္စနှစ်ခုက နှစ်နိုင်ငံကြားမှာ ရှိနေတယ်။ အဲဒီကိစ္စတွေကို ရှင်းလင်းမှု မပြုလုပ်နို်င်မချင်း မြန်မာပြည်ကို သွားလည်တာဟာ မသင့်တော်ဘူး” ဟု လွှတ်တော်အမတ်က ရေးသားထားသည်။

မစ္စတာ ဂျင်မ်ဝက် ရည်ညွှန်းသည့် ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ သည် ပြီးခဲ့သည့်နှစ်က ချမှတ်ခဲ့ခြင်းပြီး မြောက်ကိုရီးယားနှင့် လက်နက် ကုန်သွယ်မှှု ပိတ်ပင်ခြင်းကို ပိုမိုတင်းကျပ်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှှု အောင်မြင်စွာ ပြုလုပ်နိုင် ကြောင်း ကြေညာသည့်အပေါ် တုံ ့ပြန်သည့်အနေဖြင့် ထိုဆုံးဖြတ်ချက် ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်၏ ခရီးစဉ် ရုတ်တရက် ဆိုင်းငံ့ထားလိုက်ခြင်းသည် သူ၏ သဘောထားများ ရုတ်ချည်း ပြောင်းလဲသွားမှှုကို သိသာထင်ရှားစေသည်။ သူသည် မြန်မာနှင့် မြောက်ကိုးရီးယားအကြား နျူကလီးယားကိစ္စ ပူးပေါင်းဆောင်ရွက်မှှု ရှိနေသည်ဟု ယခင်ကတည်းက စွပ်စွဲချက်များ ထွက်ပေါ်နေခဲ့သော်လည်း မြန်မာနိုင်ငံကို သွားရောက်ရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ စစ်အစိုးရနှင့် စီးပွါးရေးနှင့် နိုင်ငံရေးအရ ညှိနှိှုင်းမှှုများ ပိုမိုပြုလုပ်ရေးကို ထောက်ခံသော မစ္စတာ ဂျင်မ်ဝက်သည် အမေရိကန် ပြည်ထောင်စု၏ လူကြိုက်များသော MSNBC Hardball နိုင်ငံရေး သတင်း အစီအစဉ်တွင် သူ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ မစ္စတာ ဂျင်မ်ဝက်က Hardball တာဝန်ခံ ခရစ်စ်မက်သူးစ်သို့ ပြောကြားရာတွင် “အမေရိကန်အနေနဲ့ နိုင်ငံရေးအရ သဘောထားချင်း မတိုက်ဆိုင်ရုံနဲ့ တွေ့ဆုံညှိနှိှုင်းမှှုတွေ မပြုလုပ်ဘဲ နောက်ခြေတလှမ်း ဆုတ်တာမျိုးတွေကို ရပ်ပြီးတော့ အဲဒီ့နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှှုတွေ ပြုလုပ်သင့်ပါပြီ” ဟု ပြောခဲ့သည်။

၂ဝဝ၉ ခုနှစ် သြဂုတ်လထဲတွင် သူသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သဖြင့် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိတဦး ဖြစ်ခဲ့သည်။ ထိုခရီးစဉ်အတွင်း သူသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှှုသည် အကျဉ်းကျနေသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တော လွတ်မြောက်စေရန် စွမ်းဆောင်နိုင်ခဲ့သည်။ ဂျွန်ယက်တောသည် နေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အင်းလျားကန်မှတဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သဖြင့် ၂ဝဝ၉ ခုနှစ် မေလဆန်းတွင် ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန်ဟုဆိုသော ဂျွန်ယက်တော၏ ထူးဆန်းသည့် လုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် ပြီးမြောက်ကုန်ဆုံးရန် နှစ်ပတ်အလိုတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယက်တော၏ လုပ်ရပ်ကြောင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲကာ နေအိမ်တွင် ထိန်းသိမ်းသည့် ပြစ်ဒဏ်ကို သက်တမ်းတိုးခွင့် ရရှိစေခဲ့ပြီး နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာနိုင်ငံသား အားလုံးအား ကံဆိုး မိုးမှောင်ကျစေခဲ့သည်။