ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်းတွင်းသို့ တရားမဝင် အခိုးဆိုင်ကယ်များ တင်သွင်းမှု ရှိသည့်အတွက် စခန်းအတွင်း ဆိုင်ကယ်အဝင်အထွက်အား ဒေသခံအာဏာပိုင်များနှင့် ဒုက္ခသည်တာဝန်ရှိသူများမှ ပူးပေါင်း၍ ပိတ်ထားလိုက်ပါသည်။
တရားမဝင် အခိုးဆိုင်ကယ်များ ထပ်မံ ၀င်ရောက်မှု မရှိစေရေးနှင့် ဒုက္ခသည်များ ထိုင်းစည်းမျဉ်းဥပဒေများအား ပိုမိုမချိုးဖောက်လာစေရေးအတွက် ထိုင်းဒေသခံ အာဏာပိုင်များမှ ကရင်နီဒုက္ခသည် တာဝန်ရှိသူတို့နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စခန်းတွင်း ဆိုင်ကယ်အဝင်ထွက်မှုအား မေလ ၁၇ ရက်နေ့မှ စ၍ ပိတ်ထားလိုက်သည်။
စခန်းတွင်း ဆိုင်ကယ်အဝင်အထွက် ပိတ်ပင်လိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီဒုက္ခသည်ပင်မကော်မတီ ဥက္ကဌ ပလူးရယ်က “ကျနော်တို့ စခန်းသူစခန်းတွေက စခန်းပြင်ပသို့ တအား ထွက်သွားလွန်းတယ်လေ။ လူများ ရွာတွေမှာ စည်းကမ်းတွေ သွားဖောက်ဖျက်တယ်။ နောက်ပြီး စခန်းအတွင်းမှာလည်း တရားဝင် ဆိုင်ကယ်ရော တရားမဝင် ဆယ်ကယ်တွေရော ရှိတယ်။ ဆိုင်ကယ်သူခိုး လက်ခံမှုတွေလည်း ရှိလာတယ်။ အဲဒါ ထိုင်းအာဏာပိုင်တွေက ပိတ်လိုက်တာ” ဟု ယခုလို ရှင်းပြပါသည်။
ဆိုင်ကယ်အဝင်အထွက်အား ထိန်းချုပ်ကွတ်ကဲမှု မပြုလုပ်နိုင်ပါက ဒုက္ခသည်စခန်းတွင် များမကြာမှီမှာ မူးရစ်ဆေးဝါးများ ၀င်ရောက်လာခြင်းနှင့် တရားမဝင် လူကုန်ကူးမှု များလည်း ရှိလာနိုင်သည့်အတွက် ယခုလို ထိန်းချုပ်လာရခြင်း ဖြစ်သည်ဟု ဥက္ကဌ ပလူးရယ်က ပြောသည်။
ယခုအခါ ပြည်တွင်းမှ ထွက်လာသော လူများဖြစ်စေ၊ စခန်းပြင်ပရှိ ထိုင်းကျေးရွာများမှ လူများဖြစ်စေ ဒုက္ခသည်စခန်းအတွင်းသို့ ဒုက္ခသည်များလို ၀င်ရောက်နေထိုင်ခြင်း သည်လည်း ထိုင်းအာဏာပိုင်များမှ မလိုလားသော အကြောင်းရင်းတခု ဖြစ်သည်ဟုလည်း ဆိုသည်။
ဒေသခံအာဏာပိုင်တို့မှ ဒုက္ခသည်များအပေါ် ချမှတ်ပေးထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေရ ဒုက္ခသည် ဟူသည် စခန်းပြင်ဘက်သို့ အကြောင်းမဲ့ ထွက်ခွင့် မရှိသည့် အပြင် ဆိုင်ကယ်မောင်းပိုင်ခွင့်များလည်း မရှိပါ။ သို့သော် အမှတ် ၁ ဒုက္ခသည်စခန်းတွင် တရားဝင်သော မော်တော်ဆယ်ကယ်နှင့် တရားမဝင်သော ဆယ်ကယ် အစီးပေါင်း ၄၆၆ ကို ဒုက္ခသည်များက သူ့နည်းသူ့ဟန်ဖြင့် ပိုင်ဆိုင်နေကြပြီး ဆိုင်ကယ်ပိုင်ဆိုင်သူ အများစုမှာ စခန်းပြင်ပသို့ စားဝတ်နေရေးကိစ္စဖြင့် သွားလာနေကြ သူများ ဖြစ်သည်။
စခန်းတွင်းမှ ဆိုင်ကယ်ပိုင်ဆိုင်နိုင်သူ ဒုက္ခသည်တဦးက “ကျနော်တို့ ထိုင်းရွာမှာ ဟင်းသီးဟင်းရွက် သွားဝယ်ပြီး စခန်းမှာ ပြန်ရောင်းရတယ်။ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ပါးပါး သွားရတာလည်း မရှိပါဘူး။ လမ်းပိတ်လိုက်တော့ ဆိုင်ကယ်တွေအတွက် တော်တော်ခက်ခဲပါတယ်။ အိမ်မှာ ဆိုင်ရောင်းတဲ့ သူတွေအတွက် အသီးအရွက် မစုံရင် သူများတွေက ၀ယ်စားဖို့ နှောက်နှေးသွားမှာပေါ့” ဟု ပြောသည်။
ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းတွင် လတ်တလော ဒုက္ခသည် လူဦးရေအရ ၁၅၀၀၀ ခန့် ရှိပြီး တရားဝင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူများမှာ ၁၃၆၃၁ ဦး ရှိကာ မှတ်ပုံမတင်သူများမှာ ရ၂၇ ဦး ရှိသည်။