အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင်ဖြစ်ဖူးသူ ကိုသန်းမြင့်အောင်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနှင့် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယနေ့ ချမှတ်လိုက်သည်။
မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု (၁၇/၁) ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံရန် တရားသူကြီး ဒေါ်ညွှန့်ညွှန့်ဝင်းက ချမှတ်လိုက်ခြင်းဖြစ်သည်။
“သူ့အီမေးလ် ဖွင့်ကြည့်ပြီးတော့ အဲဒီထဲက အထောက်အထားတွေအရ မလေးရှား NLD L/A မှာ ဝင်ရောက် လှုပ်ရှားခဲ့တဲ့ သက်သေခံတွေ၊ အချက်အလက် တွေက ခိုင်လုံနေတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်အောင်သည် စစ်အစိုးရက အတိုက်အခံများကို ထောင်သွင်း အကျဉ်းချရာတွင် တွင်ကျယ်စွာ သုံးနေသော နိုင်ငံတော် အကြည်ညို ပျက်စေသော သတင်းအချက်အလက်များ အင်တာနက်မှတဆင့် ဖြန့်ဝေမှု အီလက်ထရောနစ် အက်ဥပဒေ ၃၃ (က) ဖြင့်လည်း စွဲဆိုခံထားရပြီး ဇွန် ၄ ရက်နေ့တွင် တာမွေမြို့နယ်ရှိ အရှေ့ပိုင်း ခရိုင်ထပ်မံ အမှုရင်ဆိုင်ရမှာဖြစ်သည်။
ကိုသန်းမြင့်အောင်မှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက် အလုပ်လုပ်ရန် နိုင်ငံကူး လက်မှတ်လျှောက်ထားစဉ် မတ်လ ၄ ရက်နေ့က တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခုတွင် ရဲများက ဖမ်းဆီးခဲ့သည်။
ရဲက ဗုံးဖောက်ခွဲမှု တခုတွင်ပါ ပတ်သက်သည်ဟု သံသယရှိကာ သူကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စမ်းချောင်းမြို့ ပဒုမ္ပာပန်းခြံအတွင်း လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု မတ်လ ၃ ရက် နေ့က ဖြစ်ပွားရာ ကိုသန်းမြင့်အောင် လက်ချက်ဟု ရဲက စွပ်စွဲခဲ့ရာက အထောက်အထား မပြနိုင်သဖြင့် စွဲချက် ပျက်ပြယ်သွားသည်။
ကိုသန်းမြင့်အောင်သည် မလေးရှားနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းအထိ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်ဟု စုံစမ်း သိရှိရသည်။