ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်အစိုးရမှ မီးများ သွယ်တန်းပေးမည်ဟု ကတိပေးသော်လည်း ငွေကြေး မပေးဆောင်နိုင်သည့်အတွက် ပြည်သူများ စိတ်ပျက် နေကြသည်။
“သူတို့ တော်တော် စိတ်ဆင်းရဲမယ်။ တချို့တော့ မျက်ရည်ကျမှာပဲ။ ပင်ပင်ပန်းပန်းရှာထားပြီး ပေးထားပြီးပြီ မီးရတော့မယ်လို့ စိတ်အား တင်းထား ကြတယ်။ ဒါတွေဒါတွေလိုတယ်လို့ တဆင့်ပြီး တဆင့် ထပ်တောင်းလာတော့ လူတိုင်းက ဘယ်တတ်နိုင်မလဲ” ဟု လွိုင်ကော်မြို့ခံတဦးက ပြောပါ သည်။
ဓါတ်တိုင်များကို လွိုင်ကော်ကျောင်းသား အားကစားကွင်းမှ ဒေါကလိုးခူရွာအထိ သွယ်တန်းမည်ဖြစ်သည့် အတွက် မီးတိုင်ပေါင်း ၃၀ ကျော် လိုအပ်မည်ဖြစ်သည်။ အဆိုပါ ရွာသားများသည် မီးရတော့မည်ဖြစ်သည့် အတွက် မီးတိုင်ခပေးဆောင်ရန် စိတ်အားထက်သန်နေသည်။ သို့သော် နောက်ပိုင်းတွင် မီးကြိုးခ၊ မီးတပ်ဆင်ခ စသည့် ငွေများကို မပေးဆောင်နိုင်သည့်အတွက် ရွာသားများ စိတ်ပျက်နေကြရခြင်းဖြစ်သည်။
“၂၀၁၀ ရွေးကောက်ပွဲနဲ့ ဆိုင်မယ်ထင်တယ်။ ခါတိုင်းဆို ရွာတွေက မြို့နဲ့နီးလဲမရ၊ ဝေးလည်းမရ၊ အခုက မြို့ငယ်ဖြစ်စေ၊ မြို့ကြီးဖြစ်စေ အကုန်လုံး ပေးတယ်” ဟု လွိုင်ကော်မြို့ ချိကယ် ရပ်ကွက်မှ ဒေသခံတဦးပြောသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ချိကယ်ကျေးရွာအုပ်စုနှင့် ဒေါကလိုးခူရွာအတွက် မီးတိုင်များထောင်ခဲ့ရာ မီးတိုင် တတိုင်ကို ကျပ် တသိန်းနှစ်သောင်း (၁၂၀၀၀၀) ပေးဆောင် ခဲ့သော်လည်း ယခုချိန်ထိ မီးမရသေးကြောင်း သိရသည်။
မီးတိုင်များ ထောင်ထားပြီးသော်လည်း မီးကြိုးများကို ခုချိန်ထိ မဆွဲပေးသည့်အပြင် မီးလင်းရန် မီတာဘောက်ထားရှိနိုင်သည့် အိမ်များကိုသာ မီးရမည်ဖြစ်၍ မီတာဘောက်ခ မဆောင်နိုင်သည့် အိမ်များသည် ယခုချိန်ထိ အခက်ကြံုနေရသည်ဟု ဒေသခံများက ပြောပါသည်။