ကရင်နီပြည်တွင်းမှ IDP ၃၀ ကျော် ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိ

ကရင်နီပြည်တွင်းမှ IDP ၃၀ ကျော် ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိ
by -
ပါးရယ်
ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှ ရွာပုန်းရွာရှောင်IDP ၃၃ ဦးတို့သည် မြန်မာစစ်အစိုးရ တပ်များ၏ ဖိနှိပ်မှုများကြောင့်ဟုဆို၍ ယခုလ ပထမပတ်အတွင်းက ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီဒုက္ခသည်စခန်းသို့ ထွက်ပြေး...

ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှ ရွာပုန်းရွာရှောင်IDP ၃၃ ဦးတို့သည် မြန်မာစစ်အစိုးရ တပ်များ၏ ဖိနှိပ်မှုများကြောင့်ဟုဆို၍ ယခုလ ပထမပတ်အတွင်းက ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီဒုက္ခသည်စခန်းသို့ ထွက်ပြေး ရောက်ရှိလာခဲ့ကြသည်။

ရှားတောမြို့နယ် ဒေါတနောင်းနှင့် ဒေါမူးလဲကျေးရွာမှ ယင်းရွာသူရွာသားများသည် ၎င်းတို့ ကျေးရွာအနီးရှိ တပ်စွဲထားသော စစ်အစိုးရတပ်များ၏ တပ်စခန်းအတွက် လုပ်အားပေး စေခိုင်းမှု၊ စစ်ကြောင်း၌ လမ်းပြအဖြစ် အသုံးပြုမှုနှင့် မတရား ဖမ်းဆီးနှိပ်စက်မှုများကြောင့် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ဆိုကြသည်။

ထွက်ပြေးလာသူများအနက် စစ်အစိုးရတပ်များ၏ နှိပ်စက်မှုများအား ခံခဲ့ရသော ရွာသားတဦးက “စစ်တပ်တွေက ကျနော်တို့ကို လုပ်အားခ မပေးပဲ သူတို့အတွက် အလုပ်လုပ်ခိုင်း တယ်။ သူတို့ စစ်ကြောင်းမှာလည်း ကျနော်တို့ကို လမ်းပြအဖြစ် အသုံးပြုခဲ့တယ်။ ကျနော်တို့ကို အရှေ့မှာ အတင်း သွားခိုင်းပြီး အနောက်မှာ သေနတ်နဲ့ ချိန်ထားတယ်။ ဘယ် အချိန်မှာ ဘယ်နေရာမှ သေရမှာလဲဆိုတာ ကျနော်တို့က ကြောက်နေရတယ်။ အဲဒါ နယ်စပ်ကို ထွက်လာဖို့ ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။

စစ်အစိုးရတပ်များသည် ဒေသခံကျေးရွာများထဲသို့ မကြာခဏ ကင်းလှည့်လာလေ့ရှိပြီး ရွာသူရွာသားများအား ကရင်နီတော်လှန်ရေး တပ်ဖွဲ့နှင့် ဆက်သွယ်မှု ပြုလုပ်နေသည်ဟု စွပ်စွဲလေ့ရှိကြောင်း၊ ရွာသူရွာသားများသည် အများအားဖြင့် ဗမာစကား မပေါက်ကြ၍ စစ်အစိုးရတပ်များ၏ စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားရာမှာ အခက်အခဲ ရှိနေ ကြောင်း အခြားသော ထွက်ပြေးလာသူ ရွာသားတဦးကလည်း ပြောသည်။

သူက “ကျနော်တို့ ရွာသားတွေက ဗမာစကား မပြောဆိုတတ်ဘူး ပြောမယ်ဆိုရင် နအဖစစ်တပ်တွေက ခင်ဗျားတို့ ဗမာစကား ပြောကို ပြောရ မယ်လို့ ကျနော်တို့ကို အတင်းပြော ခိုင်းတယ်” ဟု ပြောပါသည်။

လက်ရှိ ရောက်ရှိလာသော လူသစ်များသည် လောလောဆယ်တွင် ကရင်နီဒုက္ခသည်ကော်မီတီ (ကေအဲန်အာစီ) ၏ ခွင့်ပြုချက်အရ စခန်းအတွင်း၌ နေထိုင်ခွင့် ပေးထားပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (တီဘီဘီစီ)မှ ထောက်ပံ့ထားသော စားနပ်ရိက္ခာများနှင့်တဆင့် ၎င်းတို့ စားဝတ်နေရေးအတွက် ကူညီပေးနေ သည်ဟု ကေအဲန်အာစီ အတွင်းရေးမှူး နော်ထူးလွဲက ပြောသည်။

ယခုနှစ်အတွင်း ကရင်နီပြည်တွင်းမှ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော လူသစ်များ၏ လူဦးရေ စာရင်းအရ (၆၀၀) ၀န်းကျင်ခန့် ရှိကြောင်း၊ ၎င်းတို့သည် နိုင်ငံရေး အခြေအနေ ကြောင့် ရောက်ရှိလာခြင်း ဖြစ်သလို အကြောင်းရင်း မရှိဘဲ တတိယနိုင်ငံသို့ ပြန်လည်အခြေချရေး အစီအစဉ်ကို စိတ်ဝင်စား၍ ရောက်ရှိလာသူများလည်း အနည်းကျဉ်းပါ၀င်နေ ကြောင်းဆိုသည်။

သို့သော် ယင်းလူသစ်များသည် တရားဝင် ဒုက္ခသည်အဖြစ် လက်ခံသွားခြင်း ရှိ၊မရှိ ဆိုသည်မှာ ကေအဲန်အာစီနှင့် သက်ဆိုင်မှု မရှိကြောင်း၊ ထိုင်း အာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်စီအာ)တို့၏ လက်ထဲတွင်သာ ရှိနေသည်ဟု နော်ထူးလွဲက ပြောသည်။

၎င်းက “တရားဝင် ဒုက္ခသည်အဖြစ်က လက်ခံဖို့ ကျမတို့ ကေအဲန်အာစီက လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီ တရားဝင် ဒုက္ခသည်လို့ လက်ခံပိုင်ခွင့် ရှိတာက ထိုင်းအာဏာပိုင်နဲ့ ယူအဲန်အိတ်စီအာ အသိအမှတ်ပြုမှ သူတို့ကို တရားဝင်အဖြစ် ပြောလို့ ရတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များသည် ယခင်ကတည်းက ပြည်တွင်းမှ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော လူသစ်များအား တရားဝင် ဒုက္ခသည်အဖြစ် လက်ခံရာမှာ အမှန်တကယ် ပြည်တွင်းစစ်၊ တိုက်ပွဲ၊ စစ်ရေး ပဋိပက္ခများကြောင့် မူလနေရပ်၌ နေထိုင်လို့ မရ၍ ထွက်ပြေးလာသူများကိုသာ လက်ခံလေ့ရှိကြောင်း သိရသည်။

Most read this week