ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် အတိုက်အခံလှုပ်ရှားသူ ဦးဇော်ဇော်မင်းသည် အစာအိမ်နှင့် အသည်းရောဂါ ဖြစ်ပွားနေသဖြင့် ထောင်ငူထောင် ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်ဖြစ်သူသည် ယခုလ ၁၂ ရက်နေ့မှ စတင်ကာ ဆေးရုံတက်ရသည် ရောဂါသက်သာကြောင်း ပြီးခဲ့သည့် စနေနေ့တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် ဇနီးဖြစ်သူ မဋ္ဌေးဋ္ဌေးဝင်းက ပြောသည်။
“ထောင်ငူထောင်က ဆရာဝန်တွေရော၊ ထောင်အာဏာပိုင်တွေကပါ သူ့ကို ဂရုတစိုက် ဆေးကုသပေးတယ်” ဟု မဋ္ဌေးဋ္ဌေးဝင်းက ပြောသည်။
ထောင်ဆေးရုံပေါ်တွင် ခြေကျင်းနှင့် လက်ထိပ်များ ခတ်ထားမရှိဘဲ သာမန်လူနာကဲ့သို့ လွတ်လပ်စွာ ထားရှိကြောင်း သိရသည်။
ကုန်စျေးနှုန်းကျဆင်းရေးအတွက် ရန်ကုန်တွင် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်သဖြင့် ဦးဇော်ဇော်မင်းသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း အဖမ်းခံရကာ ထိုနှစ် နိုဝင်ဘာလအတွင်း ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချခံခဲ့ရသည်။
သို့သော်လည်း သူ၏ သားဖြစ်သူ ခန္တီးထောင်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂများအဖွဲ့ချုပ် ခေါင်းဆောင် ကိုဒီငြိမ်းလင်းကမူ မျက်စိ ကုသခွင့်ကို လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက တင်ထားခဲ့သော်လည်း ကုသခွင့် မရသေးပေ။
ဒေါ်ဋ္ဌေးဋ္ဌေးဝင်းသည် ယခုလ ၃ ရက်နေ့တွင် သားဖြစ်သူထံ ထောင်ဝင်စာ သွားတွေ့ခဲ့သည်။
ကိုဒီငြိမ်းလင်းသည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရသည်။
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များထဲတွင် ကျန်းမာရေးမကောင်းသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၄ဝ ရှိနေပြီး ထောင်တွင်း ကျန်းမာရေး စောင့်ရှောင့်မှု ညံ့ဖျင်းမှုကြောင့် ပြီးခဲ့သည့်လ ၁၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ကိုကျော်စိိုး အပါအဝင် အကျဉ်းထောင်ထဲတွင် သေဆုံးသူ ၁၄၄ ရှိသွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP (B) က ယနေ့ ပြောဆိုသည်။
AAPP (B) အဆိုအရ မြန်မာပြည်အနှံ့အပြားရှိ စစ်အစိုးရ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၄ ဦး ရှိကြောင်း သိရသည်။