ပဲစျေး စံချိန်တင်တက်

ပဲစျေး စံချိန်တင်တက်
by -
မျိုးသိဏ်း
ပြည်ပသို့ တင်ပို့ရောင်းချရသော အရည်အသွေးကောင်း ပဲအမျိုးမျိုးသည် မေလလယ်တွင် မကြံုစဖူး စျေးနှုန်းများအဖြစ်သို့ ထိုးတက်ရောက်ရှိ လာပြီး အချို့ပဲများမှာ ယမန်နှစ် စျေးနှုန်းထက် နှစ်ဆခွဲကျော်အထိ မြင့်တက်သွား...

ပြည်ပသို့ တင်ပို့ရောင်းချရသော အရည်အသွေးကောင်း ပဲအမျိုးမျိုးသည် မေလလယ်တွင် မကြံုစဖူး စျေးနှုန်းများအဖြစ်သို့ ထိုးတက်ရောက်ရှိ လာပြီး အချို့ပဲများမှာ ယမန်နှစ် စျေးနှုန်းထက် နှစ်ဆခွဲကျော်အထိ မြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် မေလတွင် တတန်လျှင် ကျပ် ၆ သိန်း ၈ သောင်းအောက်တွင်သာရှိခဲ့သော ပဲတီစိမ်း (ခရမ်းရွှေဝါ)မှာ မေလ -၁၆ ရက်နေ့ တွင် တတန်ပေါက်စျေး ကျပ် ၁၇ သိန်းခွဲအထိ စျေးမြင့်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်စျေးများအရ သိရသည်။

ထို့အတူ ယမန်နှစ် မေလ-၁၆ ရက်နေ့က တတန် ကျပ် ၆ သိန်း ၉ သောင်းရှိခဲ့သည့် အရည်အသွေးကောင်း ဇကာချပြီး မတ်ပဲမှာ ယခုနှစ် မေလ -၁၆ ရက်နေ့တွင် တတန် ကျပ် ၁၂ သိန်း ၄ သောင်းအထိ မြင့်တက်လာခဲံသည်။

ကမ္ဘာ့စျေးကွက်တွင် ပဲအမျိုးမျိုး စျေးကောင်းနေသဖြင့် အိတ်(စ)ပို့တ် ကုမ္ပဏီများမှ အဝယ်လိုက်ချိန် ပြည်တွင်းပဲအထွက်နည်းနေခြင်းကြောင့် စျေးနှုန်းများ မြင့်တက်သွားရခြင်းဖြစ်ကြောင်း ပဲကုန်သည်များကဆိုသည်။

” ဒီနှစ်ပဲစျေးက စံချိန်တင်ပဲ။ ဒီလောက်ထိ စျေးမြင့်တာမျိုး မကြံုဖူးဘူး။" ဘုရင့်နောင် ရေတမာလမ်းမှ ပဲပွဲရုံတခုက မဇ္စျိမသို့ ပြောသည်။

အခြား အိတ်(စ)ပို့တန်းဝင်ပဲဖြစ်သည့် ပဲစဉ်းငုံမှာ မတ်ပဲနှင့်ပဲတီစိမ်းတို့ကဲ့သို့ စျေးနှုန်းမြင့်တက်မှု မများသော်လည်း ယမန်နှစ်အလားတူကာလ ထက် ၄ဝ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့သည်။

”ဒီနှစ် အိန္ဒိယလည်း ပဲထွက်နည်းတော့ အိတ်စပို့စျေးကောင်းနေတယ်။ ပြည်တွင်းပဲအထွက်နည်းလို့ ကုမ္ပဏီတွေက ရသလောက် လုဆွဲနေကြ တယ်။ ဒီနှစ်လို ပဲစျေးအပြောင်းအလဲများတာမျိုး မကြံုဖူးဘူး။ " ဟု ပြည်ပ ပဲတင်ပို့သူတဦးက ပြောသည်။

ယမန်နှစ် ပဲပေါ်ချိန် ပဲစျေးနှုန်းကျဆင်းမှုကြောင့် အရှုံးပေါ်ခဲ့ကြသည့် တောင်သူများ ယခုနှစ်တွင် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးကြသည့် အပြင် စိုက်ပျိုးသူများမှာလည်း ပူပြင်းသော ရာသီဥတုနှင့် စိုက်ပျိုးရေးသွင်းအားစု ရေအခက်အခဲကြောင့် ပဲအထွက်နည်းသဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် ပဲထွက်နည်းခြင်းဖြစ်ကြောင်း ပဲလုပ်ငန်းကျွမ်းကျင်သူ ကုန်သည်များက သုံးသပ်ပြသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ပြည်ပတင်ပို့မှု၌ သဘာဝဓါတ်ငွေ့တင်ပို့မှုနောက် ဒုတိယလိုက်သည့် ပဲအမျိုးမျိုးတင်ပို့မှုအပေါ်တွင် ကြိုတင်လက်ဝါးရိုက် စျေးကစားသူများကြောင့် ပြီးခဲ့သည့်နှစ် ပြည်တွင်း ပဲစျေးကွက် ပျက်လုနီးပါးဖြစ်ခဲ့သည်။ စျေးကွက်ကြီးမားမှုအပေါ် စွန့်စားစျေးကစားကြသူများက ပဲစျေးကျချိန်တွင် စာချုပ်ဖျက်ခေါင်းရှောင်ခြင်းကြောင့် ပဲစျေးအလွန်အမင်း ထိုးကျခဲ့ပြီး စျေးကစားသူကုန်သည်အချို့ကို အစိုးရက ဖမ်းဆီးခဲ့သည်။

"ဒီနှစ်နယ်တွေအားလုံးလိုလို ပဲထွက်နည်းတယ်။ အထွက်နည်းပြီး အဝယ်အရမ်းကောင်းနေတော့ ဒီနှစ် အမြင့်စျေးမှာပဲ ဆက်ရှိနေလိမ့်မယ်။ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်တာအပြင် ကုမ္ပဏီ အဝယ်တော်တွေက နယ်အထိ တိုက်ရိုက်ဆင်းဝယ်တာလည်းရှိသေးတယ်။ လက်ရှိစျေးက ပြန်ကျရင်လည်း ခပ်ပါးပါးလောက်ပဲ ကျလိမ့်မယ်။" ဟု ဘုရင့်နောင်ရှိ ပဲပွဲရုံမန်နေဂျာတဦးက ပြောသည်။

ပဲစျေးနှုန်းမြင့်မားသော်လည်း အထွက်နှုန်းနည်းပါးခြင်းကြောင့် စိုက်ပျိုးသူ တောင်သူများအနေဖြင့် အကျိုးများစွာ ဖြစ်ထွန်းဖွယ်မရှိကြောင်း နယ်အခြေစိုက် ပဲပွဲရုံတခုက ဆိုသည်။

"တောင်သူကတော့ လက်ထဲကိုင်ထားပြီး စျေးကောင်းရမှာ စောင့်ရောင်းတာမျိုး ဘယ်လုပ်နိုင်မလဲ။ စိုက်ပျိုးစရိတ်ကြိုယူတာနဲ့ဘာနဲ့ ပဲပေါ်ချိန်ဆို ရတဲ့စျေးနဲ့ ကုန်သည်လက်ကို ထိုးအပ်လိုက်ကြတာပဲလေ။ စျေးကောင်းလဲ အထွက်နည်းရင် သိပ်ကိုက်စရာမရှိဘူး။"ဟု ပြည်မြို့အခြေစိုက် အဆိုပါ ပဲပွဲရုံပိုင်ရှင်က ဆိုသည်။

အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂ဝဝ၉ ခုနှစ် ဧပြီလမှ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့်၊ ပဲစဉ်းငုံသုံးမျိုး ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၅၁၅)သန်း ရရှိခဲ့ကြောင်း သိရသည်။