သတင်းထောက်က ထက်ထက်မိုးဦးကို တရားစွဲ

သတင်းထောက်က ထက်ထက်မိုးဦးကို တရားစွဲ
by -
ဖနိဒါ
ဆဲဗင်းဒေးဂျာနယ်တိုက် သတင်းထောက်တဦးက နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးကို လက်ရောက်ကျူးလွန်မှုဖြင့် တရားစွဲဆို ထားကြောင်း ဂျာနယ်တိုက်က...

ဆဲဗင်းဒေးဂျာနယ်တိုက် သတင်းထောက်တဦးက နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးကို လက်ရောက်ကျူးလွန်မှုဖြင့် တရားစွဲဆို ထားကြောင်း ဂျာနယ်တိုက်က ပြောသည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် 7 Days ဂျာနယ်မှ သတင်းထောက် မအေးသူစံက သူ့အား ဒေါ်ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု ရန်ကင်းမြို့နယ်တရားရုံုးသို့ ဦးတိုက်လျှောက်ထားပြီးနောက် တရားရုံုးက လာမည့် ၂၄ ရက်နေ့တွင် တရားလိုနှင့် တရားလိုပြ သက်သေများ ထွက်ဆိုရန် ရုံုးချိန်းပေးလိုက်သည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော လူတွေ့မေးမြန်းခန်းတွင် သတင်းထောက်က အိမ်ထောင်ရေးနှင့်ဆိုင်သော မေးခွန်းကို မကျေနပ်ရာက ဆံပင်ဆွဲခြင်းအပါအဝင် လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆဲဗင်းဒေးဂျာနယ်တိုက် တာဝန်ရှိသူတဦးက ပြောသည်။

မအေးသူစံက ရန်ကင်းရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ရဲစခန်း၏ ညွှန်ကြားချက်အရ သင်္ကန်းကျွန်းမြို့နယ်မှ စံပြဆေးရုံမှ ဆေးစစ်ချက် ရယူကာ ယမန်နေ့ကတရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်တရားရုံုး ဒုတိယတရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၈၂/၁ဝ အရ လက်ခံခဲ့ပြီး လာမည့် ၂၄ ရက်နေ့တွင်  သတင်းထောက် မအေးသူစံနှင့် မဂ္ဂဇင်းတိုက် ၃ တိုက်မှ မျက်မြင်သက်သေ ၃ ယောက်အား ထွက်ဆိုရန် ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

ပါဖက်မဂ္ဂဇင်းမှ မသက်၊ ဖက်ရှင်မဂ္ဂဇင်းမှ မဝင်းမာ၊ ဟဲလိုဂျာနယ်မှ ကိုဘုန်းနေလတို့က မျက်မြင်သက်သေများအဖြစ် ထွက်ဆိုမှာဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

အကယ်ဒမီဆုရှင် ထက်ထက်မိုးဦးအား ဆက်သွယ်၍ မေးမြန်းရာ ဖြေကြားရန် ငြင်းဆိုသည်။