ကယန်း အမျိုးသားပါတီကို လူငယ်အဖွဲ့ လက်မခံ

ကယန်း အမျိုးသားပါတီကို လူငယ်အဖွဲ့ လက်မခံ
by -
နှောင်းလှိုင်
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် “စစ်အစိုးရ လက်ဝေခံ” ကယန်းအမျိုးသားပါတီကို လက်မခံနိုင်ဟု ကယန်းမျိုးဆက်သစ ်လူငယ်က...

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် “စစ်အစိုးရ လက်ဝေခံ” ကယန်းအမျိုးသားပါတီကို လက်မခံနိုင်ဟု ကယန်းမျိုးဆက်သစ ်လူငယ်က ဆိုသည်။

“ကယန်းအမျိုးသားပါတီထဲမှာ ကျနော်တို့ တွေ့ရတဲ့ ပါတီလူတွေပေါ့နော် သူတို့က တစည အဖွဲ့ဝင်ဟောင်းတွေ၊ ကြံ့ဖွတ်ရဲ့အဖွဲ့ဝင်တွေ၊ လမ်းစဉ် လူငယ်ရဲ့ အဖွဲ့ဝင်ဟောင်းတွေ ပါ၀င်ပြီးတော့မှ ကယန်းအမျိုးသားပါတီ နာမည်ခံပြီးတော့မှ ဖွဲ့တဲ့ အဖွဲ့ ဖြစ်တယ်ပေါ့နော်  အဲဒါကြောင့် ကျနော်တို့က ကယန်းလူငယ်အနေနဲ့ ကယန်းလူထု အနေနဲ့ပါ လက်မခံရခြင်းဖြစ်တယ်”ဟု ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခွန်းရော်ဘင်ဆန်က ပြောသည်။

ကယန်းအမျိုးသားပါတီ (Kayan National Party) ကို ဖွဲ့စည်းမှတ်ပုံတင်သူများသည် ကယန်းလူထု၏ သဘောထားကို ရယူခြင်းမရှိဘဲ ကယန်း လူမျိုး၏ အမျိုးသားဂုဏ်သိက္ခာ၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ တော်လှန်ရေးသမိုင်းအစဉ်အလာကို ဖျက်ဆီးလိုသည့် တာဝန်မဲ့ လုပ်ရပ်ပင်ဖြစ်သည်ဟု ကယန်းမျိုးဆက်သစ်လူငယ် ( KNGY) မှ ၁၇ ရက် ထုတ်ပြန်စာတွင် ရေးသားထားသည်။

ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကယန်းအမျိုးသားပါတီကို မဲမထည့်ပေးနိုင်ကြောင်း ကယန်းအမျိုးသမီးအဖွဲ့မှ ဆိုဖီယာက ယခုလို ပြောပါသည်။

“မပေးပါဘူး ဘယ်လိုမှ မပေးပါဘူး ဘာကြောင့်လဲ ဆိုရင် ၂၀၀၈ constitution ( ဖွဲ့စည်းပုံ အခြေခံ ဥပဒေ) ကြောင့်ပေါ့နော် အဲဒီ constitution မှာ တခုချင်း တဆင့်ချင်း ပြန်ကြည့်မယ်ဆိုရင် မဖြစ်နိုင်တဲ့ အရာ အများကြီးရှိတယ် တရားမျှတမှု မရှိတာ အများကြီး ရှိတယ် အဲဒီ constitution ကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အရှင်းဆုံးပြောရရင် ကိုယ်အရမ်းလေးစားတဲ့ လူတယောက်ဝင်ပြိုင်ရင်တောင် မဖြစ်နိုင် ပါဘူး လုံးဝ မထည့်ပါဘူး”

ကယန်းအမျိုးသားပါတီသည် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ သံတောင်မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ အရှေ့တောင်တန်းဒေသနှင့် အထူးသဖြင့် ကယန်းလူမျိုးများနေထိုင်သော ဒေသများတွင် ကိုယ်စားပြုမည် ဖြစ်သည်။

လက်ရှိ ကယန်းအမျိုးသားပါတီ ဥက္ကဌမှာ ဦးယူဂျင်းဖြစ်ပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ထုတ်ပြန်ချက်ကြေညာပြီး မကြာမှီ အချိန်တွင်းမှာ ကယန်းအမျိုးသားပါတီကို တည်ထောင်လိုက်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင် လိုက်သည်။

Most read this week