အပူကြောင့် နည်းပညာတက္ကသိုလ်များ အချိန်ပြောင်းလဲနိုင်

အပူကြောင့် နည်းပညာတက္ကသိုလ်များ အချိန်ပြောင်းလဲနိုင်
အပူချိန် ပြင်းထန်သဖြင့် တိုင်း ၃ တိုင်းရှိ နည်းပညာ တက္ကသိုလ်များ ကျောင်းစာသင်ချိန် ပြောင်းနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ယခုလဆန်းမှ စတင်၍  ညွှန်ကြားချက် ထုတ်ပြန်....

အပူချိန် ပြင်းထန်သဖြင့် တိုင်း ၃ တိုင်းရှိ နည်းပညာ တက္ကသိုလ်များ ကျောင်းစာသင်ချိန် ပြောင်းနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ယခုလဆန်းမှ စတင်၍  ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

မြန်မာပြည် အပူပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ နည်းပညာတက္ကသိုလ် Technological University (TU) ကျောင်းများကို အပူချိန်ပြင်းထန်သဖြင့် ပုံမှန်ကျောင်းတက်ချိန်မှ နံနက်ပိုင်းသို့ ပြောင်းလဲနိုင်ကြောင်း ဝန်ကြီးဌာနက စာဖြင့် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

နည်းပညာတက္ကသိုလ်ကျောင်း ရ ကျောင်းအနက် ၆ ကျောင်းမှာ မူလက တနေ့လျှင် နံနက် ၈ နာရီမှ ၁၁ နာရီအထိ တကြိမ်၊ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တကြိမ် စာသင်ချိန် ဖြစ်ခဲ့ရာမှ ယခုတပတ်မှ စတင်ကာ နံနက် ရ နာရီမှ ၁၁ နာရီထိသာ ယာယီသတ်မှတ်ခဲ့ကြသည်။

“တိုင်း ၃ တိုင်းက နည်းပညာ တက္ကသိုလ်ကျောင်းကို ကြိုတင်သတိပေး အကြောင်းကြားတာပါ။ အပူကြောင့် ဖျားနာတာတော့ မရှိသေးဘူး။ အခန်းထဲမှ နေလို့ မရဘူး။ ကျောင်းသားတွေ သနားဖို့ ကောင်းတယ်။ အလိုလိုနေရင်းနဲ့ ချွေးပျံတယ်။ လူများတော့ မကောင်းတဲ့ အနံ့တွေ ထွက်လာတယ်။ ကြာရင် ဝမ်းလျှောဝမ်းပျက် ရောဂါ၊ တခြားရောဂါတွေ ဖြစ်လာနိုင်တယ်” ဟု မန္တလေးတိုင်း ကျောက်ဆည်မြို့ TU တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ဌာနမှူး ဒေါက်တာသန့်ဇင်ဝင်းက မဇ္စျိမကို ပြောသည်။

“အပူများတော့ စာသင်ရတာ အဆင်မပြေဘူး။ ခါတိုင်းက ၃ ပုဒ်လောက်ပြီးရင် အခု တပုဒ်လောက်ပဲ သင်နိုင်တယ်။ နားနားနေနေ သင်ပေးတယ်။ နားလိုက်သင်လိုက်၊ နားလိုက်နဲ့ဆိုတော့ သင်ရိုးနည်းနည်း နောက်ကျတာပေါ့။ ဒါပေမဲ့ အပူချိန် ပုံမှန်အတိုင်း ပြန်ဖြစ်ရင်တော့ ဆက်ပြီးတော့ တွန်းသင်ရမယ်" ဟု သူက ဆက်ပြောသည်။

အလားတူပင် စစ်ကိုင်းတိုင်း မုံရွာနှင့် ကလေးမြို့ TU ကျောင်းများတွင်လည်း စာသင်ချိန်ကို ကျောက်ဆည်ကဲ့သို့ တပြေးညီ သတ်မှတ်ခဲ့ကြသည်။

“ကျောင်းချိန် ပြောင်းပါတယ်။ တအားပူတယ်။ စာသင်လို့ မရဘူး။ အခန်းမှာက AC (လေအေးစက်) လည်း မရှိဘူးလေ။ ကျန်မတို့ အခန်းမှာတောင် လူပေါင်း ၆ဝ လောက် ရှိတယ်။ ပန်ကာက တလုံးပဲ ရှိတယ်။ လုံးဝ မနိုင်ဘူး။ ပူလွန်းလို့ တကိုယ်လုံး ချွေးပျံနေတယ်” ဟု ကလေးမြို့ TU ဒုတိယနှစ် ကျောင်းသူတဦးက မဇ္စျိမကို ပြောသည်။

မန္တလေးတိုင်းတွင် မန္တလေး၊ ကျောက်ဆည်နှင့် မိတ္ထီလာ၊ စစ်ကိုင်းတိုင်းတွင် မုံရွာနှင့် ကလေး၊ မကွေးတိုင်းတွင် မကွေးနှင့် ပခုက္ကူ နည်းပညာ တက္ကသိုလ်တို့ ရှိကြသည်။ ထိုကျောင်း ရ ကျောင်းအနက် မကွေး ကျောင်းသူ ကျောင်းသားများ၏ ဆန္ဒကြောင့် မူလအတိုင်း ကျောင်းတက်ပြီး ကျန် ၆ ကျောင်းမှာ အချိန်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မကွေး TU ကျောင်းမှ ဆရာမ တဦးက “ကျမတို့ဆီက မပြောင်းဘူး။ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနဆီက စာရောက်လာပါတယ်။ ရာသီဥတုက ပူပြင်းတော့ ကျောင်းချိန်ပြောင်းချင်ရင် ပြောင်းလို့ရတယ်လို့ ပါပါတယ်။ ကျောင်းသား/သူတွေက မပြောင်းချင်ဘူး။ ပုံမှန်အတိုင်း ဆက်တက်တယ်” ဟု မဇ္စျိမကို ပြောသည်။

မြန်မာပြည်တွင် နည်းပညာတက္ကသိုလ် (TU) ကျောင်းများကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် ကျောင်းပေါင်း ၂ဝ ရှိနေပြီး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့တွင်၎င်း၊ ကယား၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင်၎င်း တည်ရှိကြသည်။

ယခုလအတွင်း မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းများတွင် ထူးခြားသည့် အပူချိန်များအဖြစ် ၄၂ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းခဲ့သည်။