ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်းမှ ယခုလအတွင်း အပြီးသတ် ပြောင်းရွှေ့ရမည့် ကျေးရွာ ၆ဝ ၏ အဆောက်အဦများကို ဖျက်ဆီး ရှင်းလင်းရန် လုပ်အားပေးများ ခေါ်ယူနေကြောင်း ကချင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တခုက ပြောသည်။
မြစ်ကြီးနားမြို့အထက် ၂၇ မိုင်အကွာမှ စီမံကိန်းနေရာရှိ ယင်းကျေးရွာများသို့ မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်များမှ အနည်းဆုံး လူပေါင်း ၁ဝ၆ဝ ဦးကို ယခုလအတွင်း အသင့်ပြင်ဆင်ထားရန် မြို့နယ် မယကရုံးမှ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့နယ်ရှိ ရပ်ကွက် ၅၈ ခုနှင့် ဝိုင်းမော်မြို့ရှိ ၄၈ ရပ်ကွက်တို့မှ တရပ်ကွက်လျှင် ၁ဝ ဦးကျစီ လုပ်အားပေးဆင့်ခေါ်ခြင်းဖြစ်သည်ဟု ယခုလ ၁ ရက်နေ့ထုတ် မကယ အမိန့်စာကို ရရှိထားသော ကချင်လူမှုဖွံ့ဖြိုးရေးကွန် ယက်အဖွဲ့ KDNG ဥက္ကဌ ဦးအောင်ဝါက ပြောသည်။
“အိမ်တွေ ဖျက်၊ ဘုရားကျောင်းတွေ ဖျက်ဖို့ပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
ယင်းလုပ်အားပေးများ၏ လုံခြံုရေးကို ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် တာဝန်ယူသွားမည်ဟု အမိန့်စာ၌ ဖော်ပြထား သည်ဟုဆိုသည်။
“လုပ်အားပေးတဲ့လူတွေက ကချင်အချင်းချင်းဆိုတော့ အိမ်ဖျက်ဆိုရင် ဖျက်ချင်မှာ မဟုတ်ဘူး။ သူတို့ အလိုကျ လုပ်ခိုင်းဖို့ လုံခြံုရေးကို အကြောင်းပြပြီးတော့မှ လူထုကြောက်သွားအောင် ခြိမ်းခြောက်နေ ခြင်းသာဖြစ်တယ်လို့ မြင်တယ်” ဟု ဦးအောင်ဝါက သုံးသပ်သည်။
ကချင်ပြည်နယ်အတွင်း၌ စစ်အစိုးရတပ်၏ အုပ်ချုပ်မှုအောက်သို့ ရောက်သွားသော နယ်ခြားစောင့် တပ် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) နှင့် KIO အဖွဲ့မှ ခွဲထွက်သော ဦးလဆန်အောင်တို့၏ ပြည်သူ့စစ်တပ်ဖွဲ့များသာ ရှိသည်။
ဧရိယာစတုရန်းမိုင် ရ၆၆ ရှိသော မြစ်ဆုံဆည်ကြီးမှာ ကချင်ပြည်နယ်မြောက်ဖျားပိုင်းရှိ ပူတာအိုမြို့ သုံးပုံတပုံခန့် ကျယ်ဝန်းသည်။
ပြောင်းရွှေ့ရမည့် ရွာ (၆ဝ) တွင် တန်ဖရဲ၊ မဇွပ်၊ ဒေါင်ပန်၊ ခမ်းဘူး၊ ဂွေဒူ စသည့် ရွာများအပါအဝင် ဧရာဝတီမြစ် အရှေ့နှင့် အနောက်မှ ရွာများပါဝင်ပြီး စုစုပေါင်း လူဦးရေ ၁၅ဝဝဝ ကျော်ရှိပြီး အိမ်ခြေ ၁၅ဝဝ ခန့်ရှိသည်ဟု KDNG က ခန့်မှန်းသည်။
ဧရာဝတီမြစ် အနောက်ဖက်ရှိ ကျေးရွာများသည် မြစ်ကြီးနားမြို့ မြောက်ဖက် မိုင် ၂ဝ အကွာ ရှိ ကျိန်ခရန်နှင့် လုံကာဇွပ်ကျေးရွာကြား အေးရှားဝေါလ်ကုမ္ပဏီက လုပ်ပေးထားသော နေအိမ်များသို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး လက်ရှိ အိမ်အလုံး ၁ဝဝ ကျော် ဆောက်လုပ်ပြီးသွားပြီဟု သိရသည်။ မြစ် အရှေ့ဘက်ရှိ ကျေးရွာများကိုမူ ဝိုင်းမော်မြို့နယ် အနီးသို့ ပြောင်းရွှေ့ခိုင်းထားသည်။ ယင်းနေရာတွင် အေးရှားဝေါလ်က အိမ်မည်မျှ ဆောက်လုပ်ပြီးစီးသည်ကိုမူ မသိရသေးပေ။
တန်ဖရဲကျေးရွာအား ရပ်ကွက် ၂ ခုကိုသာ စပြောင်းရန် အာဏာပိုင်များက ယခုလဆန်းပိုင်းက ပြောခဲ့သေးသည်။
ယခုအခါ ရွာလုံးကျွတ်ပြောင်းရွှေ့ရတော့မည့် ရွာသားများကိုလည်း ရွာတွင်း လုပ်အားပေးအတွက် တအိမ်တယောက် အဆင်သင့်ပြင်ဆင်ထားရန် ရပ်ကွက်မှူးများမှတဆင့် အသိပေးခဲ့ကြောင်း တန်ဖရဲကျေးရွာ ဒေသခံတဦးက ပြောသည်။
ယခင်လ ၁၇ ရက်နေ့ မြစ်ဆုံရေကာတာစီမံကိန်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျေးရွာများကို အလျင်အမြန်ပြောင်းရွှေ့ရန် လုပ်အားပေးများ ဆင့်ခေါ်နေခြင်းဖြစ်သည်။ ဗုံးကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူ ၂ဝ ဦး ကျော်အား မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ပြီး ဗုံးခွဲသူ၏ ပုံတူဟုဆိုကာ ပုံကြမ်းတခုကို အာဏာပိုင်များက မြစ်ကြီးနားမြို့ နေရာအနှံ့ ကပ်ထားသည်ဟု KDNG ထံမှ သိရသည်။
မြစ်ဆုံရေကာတာ စီမံကိန်းအား ၂ဝဝ၇ ခု နှစ်ဆန်းပိုင်းက စ၍ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီး မြုပ်နှံမှုကော်ပိုရေးရှင်း China Power Investment Corporation၊ တရုတ်တောင်ပိုင်း ဓာတ်အား ကော်ပိုရေးရှင်း China Southern Power Grid Corporation နှင့် အေးရှားဝေါကုမ္ပဏီ တို့က တာဝန် ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။
ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်မည်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း၌ မြစ်ဆုံရေ ကာတာ စီမံကိန်းအပြင် ချီဖွေရေကာတာ စီမံကိန်းနှင့် တာပိန်မြစ် ရေကာတာ စီမံကိန်းများလည်း တည်ဆောက်နေသည်။