အပူကြောင့် သေဆုံးသူ သိသိသာသာများပြား

အပူကြောင့် သေဆုံးသူ သိသိသာသာများပြား
by -
ကျော်ခ
ယခုလအတွင်း အပူရှိန်ပြင်းသဖြင့် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့အချို့တွင် လူသေဆုံးမှု ပိုများလာကြောင်း နာရေးကူညီမှု အသင်းများထံမှ....

ချင်းမိုင် (မဇ္စျိမ) ။     ။ ယခုလအတွင်း အပူရှိန်ပြင်းသဖြင့် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့အချို့တွင် လူသေဆုံးမှု ပိုများလာကြောင်း နာရေးကူညီမှု အသင်းများထံမှ သိရသည်။

မန္တလေးမြို့၌ သေဆုံးသူများတွင် အသက် ၅ဝ အထက် လူကြီးများနှင့် အသက် ၃ဝ အထက် လူလတ်ပိုင်းများပြီး ယခင်လများထက် အရေအတွက် ၂ ဆကျော် တိုးလာသည်ဟု မန္တလေးမြို့ အခြေစိုက် နိဗ္ဗာန်သုခ နာရေးကူညီမှု အသင်းက ပြောသည်။

“အရင်က တရက်ကို ၄ဝ-၅ဝ ပို့နေရတဲ့ တောင်မြင့် သုဿာန်က အခုလ ၁၄ ရက်လောက်ကစပြီး ဒီနေ့အထိ ၁၅ဝ အထက်မှာ ရှိတယ်။ ပုံမှန်ရောဂါနဲ့သေတာထက် အပူဒဏ်ကြောင့် သေတာက လူကြီးတွေနဲ့ လူလတ်ပိုင်း အရက်သမားတွေများတယ်” ဟု အသင်း အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်ရွှင်က မဇ္စျိမကို ပြောသည်။

မန္တလေးမြို့ရှိ သုဿာန် ၂ ခုအနက် ကြာနီကန်သုဿာန်၌လည်း ယခင်က ရုပ်အလောင်း ၂ဝ နှင့် ၃ဝ အကြားသာ ပို့ဆောင်နေရသော်လည်း ယခုလပိုင်းအတွင် နေ့စဉ် ရဝ ဝန်းကျင်အထိ မီးသင်္ဂြုလ် ပေးနေရကြောင်း သူက ဆက်ပြောသည်။

မန္တလေးမြို့တွင် နာရေးကူညီမှုအသင်းပေါင်း ၄ဝ ကျော်ရှိသည့်အနက် နိဗ္ဗာန်သုခနာရေးအသင်းအနေဖြင့် ယခင်က တရက်လျင် ရုပ်အလောင်း ၃-၄ လောင်းခန့်သာ မီးသဂြိုလ်ရန် ပုံမှန် ပို့ဆောင်ပေးနေရသော်လည်း ယခုအခါ ၁၅ လောင်းအထက် ပို့ပေးနေရသည်ဟုဆိုသည်။

အပူဒဏ်ကြောင့် မူးမေ့သူများနှင့် အရေးပေါ်အခြေအနေဖြစ်သူများကို ယခုလ ဒုတိယအပါတ်မှစ၍ ဆေးကုသရန် မန္တလေးဆေးရုံကြီးသို့ တရက်လျင် ၁၅ ဦးအထက် ပို့ဆောင်ပေးနေရကြောင်း ဦးကျော်ရွှင်က ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့ပေါ်ရှိ မိတ်ဆွေကောင်း နာရေးကူညီမှုအသင်းကလည်း ယခင်က တရက်လျင် ပျှမ်းမျှ ၄ လောင်းခန့်သာ ပို့နေရသော်လည်း ယခုလတွင် တရက်လျင် ပျှမ်းမျှ ၁၅ လောင်းဝန်းကျင် ပို့ပေးနေရ ကြောင်းသိရသည်။

ယင်းသေစာရင်းများကို ပြည်ပ သတင်းမီဒီယာနှင့် မြို့ခံလူထုကို စာရင်းမပေးရန် ဒေသခံ စစ်တပ်နှင့် မယက ဥက္ကဌ တို့က မိတ်ဆွေကောင်းအသင်းသို့ ယခုလ ၁၅ ရက်နေ့၌ လာရောက် အသိပေး ပြောကြားခဲ့ကြောင်း စုံစမ်းသိရသည်။   

အလားတူ ရန်ကုန်အခြေစိုက် သုခ နာရေးကူညီမှုအသင်းအနေဖြင့် မီးသဂြိုလ်စက်သို့ ပို့ဆောင်ပေးရသည့် ရုပ်အလောင်းအရေအတွက်မှာ ယခင်ထက် ၂ ဆခန့်များလာကြောင်း  အသင်းဥက္ကဌ ဦးကျော်သူက ပြောသည်။

“ပုံမှန်အားဖြင့် တရက်ကို ၄ဝ နဲ့ ၅ဝ ကြား ပို့ပေးရတယ်။ အခုလပိုင်းမှာ တက်လာပြီး ရဝ ကျော်ပို့နေရပြီ။ ရေဝေးမှာ ရေခဲတိုက်မဆံ့လို့ ချက်ချင်း မီးသဂြိုလ်ရတဲ့ အလောင်းတွေရှိတယ်” ဟု သူက မဇ္စျှိမကိုပြောသည်။

ရန်ကုန်မြို့တွင် ပုဂ္ဂလိက နာရေးကူညီမှုအသင်း ရ ဖွဲ့နှင့် စည်ပင်၊ ကြံခိုင်ဖွ့ံဖြိုးရေး ၂ ဖွဲ့ရှိကြောင်းသိရပြီး သုခနာရေးကူညီမှုအသင်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်သည့်အသင်းဖြစ်သည်။

“တချို့သက်ကြီးဝါကြီးအရွယ်တွေကလည်း ဒီအပူဒါဏ်မခံနိုင်တော့ အသက်ဆုံးရှုံးရတာပေါ့ဗျာ။ ရောဂါအခံရှိ နေတဲ့လူတွေလည်း ဒီအပူချိန်ကြောင့်သေတယ်။ တက္ကစီမောင်းတဲ့လူတို့၊ ဆိုက်ကားဆရာတို့ဆိုရင် နေပူထဲ မှာ အလုပ်လုပ်ရင်း မျက်နှာသုတ်ပဝါ ရေစွပ်ပြီး ပုခုံးပေါ်တင်ရာကနေ ဆုံးတာလဲ များတယ်” ဟု ဦးကျော်သူက ဆိုသည်။

သင်္ကြန်ရက်ပိုင်းမှ စတင်ကာ စံချိန်တင်အပူချိန် ၄ဝ အထက်တွင် ခံနေရသည့် မကွေးတိုင်းမှ နာရေးကူညီမှု အသင်းများအနေဖြင့် အကူအညီပေးရာတွင်လည်း ၃ ဆ ပိုလာခဲ့ကြောင်း အသင်း တာဝန်ရှိသူများကပြောသည်။

“အပူဒါဏ်မခံနိုင်တော့ သေတာများတယ်။ ကျနော်တို့က ပုံမှန်အားဖြင့် တရက်ကို ၄ ယောက်အောက်မှာပဲ ပို့ပေးနေရတယ်။ ဒီနေ့ဆိုရင်ပဲ ၁၁ လောင်း ရှိနေပြီ ဒါတောင် မိုးမချုပ်သေးဘူး” ဟု မင်းဘူးမြို့ရှိ ဗြဟ္မစိုရ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။