စစ်တွေတွင် ရေဖြန့်မည်ဟု လော်စပီကာဖြင့် ကျေညာပြီး စည်ပင်က ရေရောင်းစား

စစ်တွေတွင် ရေဖြန့်မည်ဟု လော်စပီကာဖြင့် ကျေညာပြီး စည်ပင်က ရေရောင်းစား
ရခိုင်ပြည်နယ် စစ်တွေတွင် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို ရေဖြန့်ဖြူး ပေးနေပါသည်ဟု လော်စပီကာဖြင့် တာဝန်ရှိသူများက လျှောက်အော် နေသော်လည်း လက်တွေ့တွင် ရေရရှိခြင်း မရှိဘဲ စည်ပင်မှ အဆိုပါ ရေများကို ငွေကြေးချမ်းသာသူများကို ရောင်စားနေသည်ဟု စစ်တွေမြို့ခံ များက...

ရခိုင်ပြည်နယ် စစ်တွေတွင် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို ရေဖြန့်ဖြူး ပေးနေပါသည်ဟု လော်စပီကာဖြင့် တာဝန်ရှိသူများက လျှောက်အော် နေသော်လည်း လက်တွေ့တွင် ရေရရှိခြင်း မရှိဘဲ စည်ပင်မှ အဆိုပါ ရေများကို ငွေကြေးချမ်းသာသူများကို ရောင်စားနေသည်ဟု စစ်တွေမြို့ခံ များက ပြောသည်။

စစ်တွေမြို့ခံ တဦးက “စစ်တွေမှာ ရေတွေကို ရပ်ကွက် အလိုက် ဖြန့်ဝေ ပေးနေတယ်ဆိုပီး သူတို့က အော်တယ်။ ပီးရင် ဖြန့်ဝေတဲ့ ရေတွေကိုလည်း အလေအလွင့် မရှိအောင် စည်းကမ်းရှိရှိနဲ့ ယူကြပါ။ သုံးစွဲကြပါ ဆိုပီးလည်း အော်တယ်။ လက်တွေ့မှာ တကြိမ် တခါမှ ကျွန်တော်တို့ ရပ်ကွက်မှာ စည်ပင်က ရေဖြန့်ဖြူး ပေးဝေတာကို မတွေ့ရသေးပါဘူး” ဟု ပြောသည်။

လက်တွေ့တွင် စည်ပင်မှ အဆိုပါ ရေများကို ချမ်းသာသူများကို ရောင်းစား နေသည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော်တို့ အိမ်နားက အိမ်တအိမ်ကို စည်ပင်က ကားနဲ့ ရေလာ ဖြည့်ပေးတာကို တွေ့တဲ့ အတွက် ကျွန်တော်တို့လည်း ရေလိုတယ်ဆိုပီး ပြောတော့ တစီးကို တသောင်းဆိုပီး ပြောပါတယ်။ လက်စသတ်တော့ စည်ပင်က လူကြားကောင်းအောင် ရေဖြန့်ဖြူး နေပါတယ်ဆိုပီး ၀ါဒဖြန့်ချီပြီး လက်တွေ့မှာ ရေရောင်းစားနေတာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေတွင် ရေအကြီး အကျယ် ရှားပါးနေပြီး ရေအဓိက ပေးဝေရာ ကန်တော်ကြီးတွင် ရေလုံးဝ ခမ်းခြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် စစ်တွေ ကန်တော်ကြီးသို့ ရေထပ်ဆင့် လွဲပေးသည့် အောင်ဒိုင်ချောင်းဆည်တွင်လည်း ရေခမ်းခြောက်သွားသဖြင့် အနီးအနားက လူများက ဆည်ထဲတွင် ငါးရှာသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တွေတွင် တနေ့ထက် တနေ့ ရေအခက်အခဲနှင့် အထူး ကြံုတွေ့နေရပြီး မြို့နေလူထု အနေဖြင့် နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများအတွင်းမှ ရေကန်များနှင့် ရေတွင်းများမှ ရေကို ခပ်ယူ အသုံးပြု နေကြရာ တချို့ ရေကန်များမှာလည်း တစတစ ခမ်းခြောက်လာပြီ ဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့ ရေအခက်အခဲ ဖြစ်နေချိန်တွင် စည်ပင်မှ စစ်တွေ ရပ်ကွက်များ အား ရေပေးဝေနေသည်ဟု ပြောပြီး အားကစားရုံနောက်တွင် တည်ရှိသော ရေတွင်းများမှ ရေများကို ကားတွင်ဖြည့်ကာ တစီးကို တသောင်းနုန်းဖြင့် ရောင်းစားနေခြင်း ဖြစ်သည်။

ထိုသို့ ရေမရရှိသဖြင့် ရေသန့်ဗူးများကို ဗူးခွံမပါဘဲ တဗူးကို ၅၀၀ ကျပ်နုန်းဖြင့် ၀ယ်ယူ သုံးစွဲ နေကြရပြီး ဆိုက်ကားခဖြင့် ဆိုလျှင် ရေအတွက် တနေ့ကို ကျပ် ရ၀၀ စီ ကုန်ကျသည်ဟု စစ်တွေမြို့ခံက ပြောသည်။

စစ်တွေတွင် ယခုကဲ့သို့ ရေအခက်အခဲ ဖြစ်နေသော်လည်း သက်ဆိုင်ရာ နဖအ စစ်အာဏာပိုင်များက တစုံတရာ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

Most read this week