အပူချိန်ပြင်းထန်သဖြင့် မြန်မာနို်င်ငံအနှံ့ရှိ ငါမွေးမြူရေးကန်များတွင် ငါးသေဆုံးမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း သာယာဝတီခရိုင်နှင့် အထက်မြန်မာပြည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ရှိ ငါးမွေးမြူရေးကန်ပေါင်း ၂၁၇ဝဝဝ တွင် ငါးသေဆုံးမှုများ ရှိနေသည်ဟုဆိုသည်။
“အပူရှိန်မြင့်တက်လာတဲ့ အတွက်ကြောင့် ရေထဲမှာ အောက်စီဂျင် ပျော်ဝင်မှုက လျော့သွားတယ်ဗျ။ လေဖိအား နည်းတာရယ်။ အပူချိန် မြင့်တက်နေတာရယ်ကြောင့် ငါးမွေးကန်တွေမှာ နေ့စဉ် ငါးတွေက ဆက်တိုက်သေနေ တာပေါ့ဗျာ” ဟု အမည်မဖော်လိုသူ ငါးလုပ်ငန်းအဖွဲ့ချုပ်အရာရှိတဦးက မဇ္စျိကို ပြောသည်။
ယမန်နေ့က မန္တလေးတိုင်း မန္တလေးမြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ ပဲခူးတိုင်း ပြည်မြို့၊ မကွေးမြို့တို့ တွင် ထူးခြား သည့် အပူချိန်ဖြစ်သည့် ၄၃ ဒီဂရီစင်တီဂရိတ်သို့ မြင့်တက်ခဲ့ သည်ဟု မိုးလေဝသနှင့်ဇလဗေဒက ထုတ်ပြန်ထားသည်။
သေဆုံးမှုပမာဏကို မသိရသေးသော်လည်း မတ်လအတွင်းက တွံတေးမြို့နယ်ရှိ ငါးကန်ဧက ၃ဝ တွင် တနေ့ထဲတွင်ပင် ငါးကောင်ရေ တသိန်းခန့်သေဆုံးခဲ့သည်ဟု ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ဂျာနယ်က ငါးလုပ်ငန်းဦးစီးဌာနကို ကိုးကား၍ ဖော်ပြထားသည်။
“မွေးမြူရေးငါးတွေကတော့ ရာသီဥတုကောင်းပြီးတော့ အပူရှိန်ကျသွားမှ မိတ်လိုက်မယ်။ ဥချမယ်၊ သားပေါက် မယ်ပေါ့။ အပူရှိန်များတော့ ငါးအသက်ရှင်သန်မှုကို ထိခိုက်နိုင်တဲ့ နမိုးနီးယား ဓါတ်ငွေ့ ဖြစ်ပေါ်မှုနှုန်းက မြင့်လာ တယ်။ ငါးတွေရဲ့ အသက်ရှုနှုန်း၊ မျိုးပွားမှုနှုန်းကို အဟန့်အတားဖြစ်စေတာပေါ့” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် အရာရှိက ပြောသည်။
မွေးမြူရေးငါးကန်များတွင် ငါးမြစ်ချင်း၊ ရေချိုငါးမုတ်၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူ၊ ငါးတန်၊ ထိုင်းငါးခုံးမကြီး စသည်တို့ကိုမွေးမြူ၍ အရှေ့အလယ်ပိုင်းဒေသ ကူဝိတ်၊ ဆော်ဒီအာရေးဗီးယားနှင့် တောင်အာရှမှ ဘင်္ဂလားဒေ့ရှ် အပါအဝင် ဥရောပနိုင်ငံများသို့လည်း တင်ပို့သည်ဟု ငါးလုပ်ငန်းက ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် Myanmar Fisheries Federation (MFF) က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံများသို့ တင်ပို့ သည့် ရေထွက်ကုန်မှရရှိသည့် ဝင်ငွေမှာ ၂ဝဝ၉-၁ဝ တွင် အမေရိကန်ဒေါ်လာ ၁ဝ၃ သန်းခွဲ ရှိကြောင်းသိရပြီး ၂ဝဝ၇-ဝ၈ တွင် ဒေါ်လာ ၅၆၁.ဝ၂၃ သန်းရှိသည်။
ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်းရှင်တဦးက ပြည်ပသို့တင်ပို့ရန် မွေးမြူထားသည့် ငါးများ မှာ ပြည်ပပို့ အရွယ်မရောက်မီ ယခုလဆန်းပိုင်းမှ စတင် သေဆုံးနေကြောင်း ပြောသည်။
“ဒီလအစလောက်မှာ အကောင်ရေ ၃-၄ ရာ။ ၄-၅ ရာလောက်သေတာကနေပြီးတော့ တရက်ကို ၅ ထောင်၊ ၆ ထောင်၊ ရ ထောင်ကနေ ၁ သောင်း လောက်ထိ သေလာတယ်။ ဒီကောင်တွေကို Export Size (ပြည်ပပို့အရွယ်) မီအောင် ကျွေးမွေးထားတာ။ အချိန်မရောက်ခင်သေတော့ ဆုံးရှုံးတာပေါ့ဗျာ” ဟု သူက မဇ္စျိမကိုပြောသည်။
ရန်ကုန် စံပြငါးစျေး ငါးဒိုင်ပိုင်ရှင်တဦးက ရာသီဥတုကြောင့် မွေးမြူရေး ငါးများသေဆုံးခြင်း၊ ပင်လယ်ငါးများ အဝင် နည်းလာခြင်းများဖြစ်နေသော်လည်း လက်တလော ငါးစျေးပြောင်းလဲမှု မရှိသေးဘဲ လာမည့်လတွင်မှ စျေးတက် လိမ့်မည်ဟု ပြောသည်။
“စျေးကအပြောင်းအလဲမရှိသေးဘူး။ (လာမည့်လ) မိုးရွာကာစဆိုတော့ ငါးဖမ်းတဲ့လူတွေလဲ မထွက်ရဲဘူး။ ကားတို့ လှေတို့နဲ့ လမ်းပန်းအခက်အခဲကြောင့် ငါးက ရှားသွား မှာ အဲဒါကြောင့်ပါ” ဟု သူက မဇ္စျိမကိုပြောသည်။
ရေချိုငါးရံ့ အကောင်ကြီး တပိဿာ ရဝဝဝ၊ ရေငန် ငါးသလောက် အကောင်ကြီး တပိဿာ ၁၁ဝဝဝ၊ အကောင် သေး တပိဿာ ၃၅ဝဝ အသီးသီး ယနေ့ စျေးပေါက် နေသည်။