အပစ်ရပ် SSA တပ်ဖွဲ့အားလုံး အသွင်ပြောင်းရန် ဥက္ကဌ ဆက်ဖိအားပေး ခံနေရ

အပစ်ရပ် SSA တပ်ဖွဲ့အားလုံး အသွင်ပြောင်းရန် ဥက္ကဌ ဆက်ဖိအားပေး ခံနေရ
အသွင်ပြောင်းရေး လုံးဝလက်မခံသည့် မြောက်ပိုင်း အပစ်ရပ် SSA တပ်မဟာ ၁ အား ဆက်လက်နားချ စည်း ရုံးရန် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးက အပစ်ရပ် SSA ဥက္ကဌတို့အပေါ်ချော့/ခြောက် ဖိအား ပေးခဲ့သည်ဟု...

အသွင်ပြောင်းရေး လုံးဝလက်မခံသည့် မြောက်ပိုင်း အပစ်ရပ် SSA တပ်မဟာ ၁ အား ဆက်လက်နားချ စည်း ရုံးရန် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးက အပစ်ရပ် SSA ဥက္ကဌတို့အပေါ်ချော့/ခြောက် ဖိအား ပေးခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“တပ်မဟာ ၁ ကို စည်းရုံးဖို့ လားရှိုးတိုင်းမှူးက အပစ်ရပ် SSA ဥက္ကဌ နဲ့ ဒု ဥက္ကဌကို လမ်းညွှန်ချက် ၃ ခုနဲ့ စေ ခိုင်းခဲ့တယ်၊ တပ်မဟာ ၁ အသွင်ပြောင်းရေး လက်ခံ လာအောင် နားချဆွဲဆောင်ဖို့။ နောက်ပြီးအသွင်ပြောင်း စာရင်းက တထောင်ကျော် ပေးထားပေမယ့် လူသူလက်နက်အင်အားပြဖို့က အခုထိမပြည့်သေးဘူး” - ဟု လားရှိုးမြို့နေ စောင့်ကြည့်လေ့လာသူ တဦးက ပြောပြပါသည်။

ဥက္ကဌ  ဗိုလ်ချုပ်လွယ်မောဝ်း နှင့် ဒု ဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှတို့အား - ၁။ ပေးထားသည့် (ဆိုင်ကျော့ဌာနချုပ်/ တပ် မဟာ ၃, ရ ) စာရင်းအတိုင်း လူအင်အား ပြနိုင်ဖို့ ဆက်ကြိုးစားသွားရန်၊ ၂။ ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် တပ် မဟာ ၁ မှလည်း အသွင ်ပြောင်းမှု လက်ခံရေး ဆက်လက်နားချစည်းရုံးရန်၊ ၃။ တပ်မဟာ ၁ မှ အသွင် ပြောင်းရေး လုံးဝလက်မခံသည့်တိုင် ရွေးကောက်ပွဲကျင်းပချိန်အထိ အပစ်အခတ်မဖြစ်အောင် မိမိတပ်မှူးများအား တားမြစ်ထိန်းကွပ်ပြီး အထူးရှောင်ရှားကြဖို့ သတိပေး စေရန် - စသဖြင့် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က မေ ၁ ရက်နေ့ ညွှန်ကြားခဲ့ ကြောင်းသိရ၏။

‘ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ သူတို့လုံးဝလက်မခံနိုင်ရင်လဲ သူတို့လူ ၆-၇ ယောက် ပြည်သူ့စစ် ယူနီဖေါင်းဝတ်ခိုင်း ပြီး ဓါတ်ပုံခဏဘဲရိုက်ရမယ်။ ပြီးရင် SSA ၀တ်စုံပြန်ဝတ်ပြီး နဂိုအတိုင်းပြန်နေလဲရတယ်။ အဲဒါတောင်မှ လက်မခံသေးရင် တော့ ရွေးကောက်ပွဲကျင်းပချိန်အထိ တိုက်ပွဲမဖြစ်ဖို့ အထူးရှောင်ရှားခိုင်းပါ။ ဖြစ်ခဲ့ရင်တော့အလွတ်ပေးမှာမဟုတ်ဘူး’ ဟု တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ချော့/ခြောက် ပြောခဲ့ကြောင်း ဗိုလ်ချုပ်လွယ်မောဝ်းနှင့်ဝင်ဆန့်သည့်အသိုင်းအဝိုင်းတ ဦးက ဤကဲ့သို့ဆက် ပြောပြ၏။

“တိုင်းမှူး အောင်သန်းထွဋ်ရဲ့ လေသံက တပ်မဟာ ၁ လုံးဝ လက်ခံလာတဲ့အထိ နားချစည်းရုံးခိုင်းတယ်။ လက်မခံရင်တော့ နအဖ လုပ်နေကျကလိမ်ကကျစ်နည်းအတိုင်း ပြဿနာဖြစ်အောင်ဖန်တီးပြီး တပ်မဟာ ၁ ကို တိုက်ခိုက်ဖြိုခွင်းကောင်းဖြိုခွင်း လာမှာဘဲ။ သပ်လျှိုဖဲ့ထုတ်စည်းရုံးတဲ့နည်းနာတွေအပါအဝင်ပေါ့၊ သတိကြီးကြီးထားရ မယ့် အနေအထားဘဲ”

အသွင်ပြောင်းရေးလက်ခံသည့် ဒုဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖှ၊ တပ်မဟာ ရ မှူး ဗိုလ်မှူးလောဝ်ကွန်း နှင့် အဖွဲ့က ပြီးခဲ့ သည့် ၂-၄/၅/၂၀၁၀ ရက်နေ့က တပ်မဟာ ၁ ကော်မတီ နှင့် သွားရောက်တွေ့ ဆုံဖြောင်းဖြစည်းရုံးခဲ့၏။  ၄/၅/၂၀၁၀ ညနေပိုင်း ပြန်ထွက်သွားချိန်တွင် တပ်မဟာ ၁ က အနှစ် ၂၀ အပစ်ရပ်ကာလအတွင်း နအဖ မှ ကျူးကျော် ရန်စ ပစ်ခတ်သတ်ဖြတ်ခဲ့ သည့် မှတ်တမ်းများဖြင့် တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ် ထံပေးပို့ပေးပါရန် ဗိုလ်ချုပ်ကိုင်ဖှထံမှတဆင့် ပါးလိုက်သည်ဟု လည်း သိရ၏။

“အပစ်ရပ်ခဲ့တဲ့ ၂၁ နှစ်တာကာလ ဗမာ့တပ်မတော်က ကျူးကျော်စော်ကား ရန်စတဲ့ မှတ်တမ်းတွေ၊ သျှမ်းပြည် တပ်မတော် သား တွေကိုကြိးတုတ်၊ တန်းစီခိုင်းပြီး အစုလိုက်အပြံုလိုက် ပစ်သတ်ခဲ့တဲ့ မှတ်တမ်းတွေပါတယ်။ စစ်မဖြစ်အောင် အောင့်အီးသည်း ခံခဲ့တဲ့ဟာတွေကို ဖွင့်ဟလိုက်တဲ့သဘော၊ ဦးကိုင်ဖှ သွားမတင်ပြ ပေးရဲမှာဘဲ စိုးရိမ်ရတယ်” - ဟု တပ်မဟာ ၁ ခေါင်းဆောင်အသိုင်းအဝိုင်း ၀င်ဆန့်သူတဦးကပြောပါသည်။

အသွင်ပြောင်းရေးပေါ်လစီ လုံးဝလက်မခံသည့် ယနေ့တပ်မဟာ ၁ ၏ ရပ်တည်ချက်အရမည်သည့် အခြေအနေရောက်စေ ကာမူ အပစ်ရပ် SSA မိခင်တပ်တခုတည်းမှ ဆင်းသက်လာသည့်အတွက်ကြောင့် အဖွဲ့ နှစ်ခြမ်းကွဲခြင်း၊ အချင်းချင်း အပစ်ဖို့ရန်ရှာတိုက်ခိုက်စစ်ပွဲဆင်နွဲခြင်းမပြုလိုသဖြင့် ဦးကိုင်ဖှအား လက်ခံတွေ့ဆုံခြင်း ဖြစ်ကြောင်း ဆက်ပြောပြပါသည်။

ဗိုလ်ချုပ်လွယ်မောဝ်း

မည်သို့ပင်ဆိုစေ အသွင်ပြောင်းရေးလက်ခံထားသည့် ခေါင်းဆောင်ဗိုလ်ချုပ်လွယ်မောဝ်း နှင့် ဗိုလ်ချုပ်ကိုင်ဖှ တို့၏ အပေါင်းပါများမှာ နအဖနှင့်တွေ့ဆုံလျှင် SSA တံဆိပ်ပါ စစ်ယူနီဖေါင်းမဝတ်ရဲသကဲ့သို့ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သို့သွားလျှင်လည်း ဌာနေပြည်သူ့စစ်ဝတ်စုံ မဝတ်ဝံ့ကြောင်း၊ မိုင်းရယ် - လားရှိုးမြို့တွင်း ဖြတ်သန်းသွားလာပါကပြည်သူ့ စစ်ဝတ်စုံနှင့်တကွ လုံခြံုရေး ၄-၅ ယောက်အတူ လိုက်ပါသွားတတ်ကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။

တပ်မဟာ ၁ မှ တပ်ရင်းမှူးတဦးကလဲ သူရဲဘောကြောင်သူ ဗဟို ခေါင်းဆောင်များ ဘာယူနီဖေါင်းမှ မဝတ်ဘဲ ကိုယ်လုံးတီး နေသင့်ကြောင်း မြည်တွန်တောက်တီး ရှာသည်ဟုဆို၏။

ဗိုလ်ချုပ်ကိုင်ဖှ

လက်နက်မရှိသော်ငြား အမျိုးသားရေးနှင့် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သူ ထောက်ဒဏ်နှစ်ရှည် အကျဉ်း ကျခံ သျှမ်းခေါင်း ဆောင်တဦးကလည်း “အင်အား/ရာထောင်ချီလက်နက်ကိုင်ထားလျက်သားနဲ့ တခြားအပစ် ရပ်တွေထက်စော ပြီး ရန်သူထံ အညံ့ခံတဲ့သူတွေ ထဘီဝတ်ဘို့ကောင်းတယ်”- ဟု မကြာခင်က မကျေမချမ်း တောက်ခေါက်ပြောခဲ့သည်ဟု ဆို၏။ သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ် တဦးဖြစ်သည့် အောင်လင်းဆိုသူ ပုဂ္ဂိုလ်ကလည်း ‘နှစ်ပေါင်း ၅၀ ကျော် တောင့်ခံ လာခဲ့တာ အခုအညံ့ခံတော့မလား၊ ဘိုးဘေးတွေကို မရှက်ဘူး လား’- ဟု အပစ်ရပ် SSA ထံ စကားပါးခဲ့ပါသေးသည်။