ကိုမြအေးကို ဆေးကုပေးရန် AI က တောင်းဆို

ကိုမြအေးကို ဆေးကုပေးရန် AI က တောင်းဆို
ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် အကျဉ်းကျနေသည့် ၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမြအေး၏ ကျမ်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က စနစ်တကျ ဆေးကုသပေးရန်...

နယူးဒေလီ (မဇ္စျိမ) ။     ။ ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် အကျဉ်းကျနေသည့် ၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမြအေး၏ ကျမ်းမာရေး အခြေ အနေ ဆိုးရွားနေသဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က စနစ်တကျ ဆေးကုသပေးရန် တောင်းဆိုလိုက်သည်။

“ကျမတို့ သိထားတာက နှလုံးသွေးကြောကျဉ်း၊ သွေးတိုးနဲ့ အစာအိမ်ရောဂါ ခံစားနေရတယ်လို့ သိထားတယ်။ သူ့ရောဂါကို စနစ်တကျ ကုသမှု မရခဲ့ဘူးလို့ သိတယ်။ ကျမတို့ အရမ်းစိုးရိမ်နေတယ်။ အမြန်ဆုံး ဆေးကုသပေးဖို့ လိုအပ်နေပါတယ်” ဟု AI - Amnesty International အဖွဲ့ အာရှ ပစိဖိတ်ရေးရာ ဒုညွှန်ကြားရေးမှူး မစ္စ Donna Guest က မဇ္စျိမကို ပြောသည်။

“ကိုမြအေးအတွက် အယူခံစာ ရေးပေးမယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် စနစ်တကျ ရောဂါကုသခြင်းလည်း ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ နှလုံးအထူးကု ဆရာဝန်နဲ့ အမြန်ဆုံး ဆေးကုသမှု ရမယ်လို့ ယုံကြည်ပါတယ်။ သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု သူက ဆက်ပြောသည်။

ရောဂါအခြေအနေ ဆိုးရွားသဖြင့် ပြီးခဲ့သည့်လ ၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်ထောင်မှ ရှမ်းပြည်နယ် တောင်ကြီးထောင်သို့ ကိုမြအေးကို ပြောင်းရွှေ့ ခဲ့သော်လည်း လုံလောက်သော ဆေးဝါးကုသမှု မရရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B အဆိုအရ သိရသည်။

“အခုလို သူ့ရောဂါ ဆိုးရွားလာတာ ထောင်နဲ့ သက်ဆိုင်တယ်။ မိသားစုနဲ့ဝေးအောင် ထားတယ်။ စနစ်တကျ ဆေးဝါးကုသမှုလည်း မရဘူး။ သူ့ရဲ့ ရောဂါအခြေအနေက အသက်အန္တရာယ် စိုးရိမ်ရတယ်။ အခုလိုဖြစ်တာ ကိုမြအေးကို သက်သက်မဲ့ သတ်နေတာပဲ။ တကယ် ဆုံးပါးသွားခဲ့ရင် သဘာဝရောဂါကြောင့် သေတယ်လို့ ထုတ်ပြန် ဦးမှာ” ဟု AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး ''လူတိုင်းလူတိုင်းမှာ ကျမ်းမာရေး စောင့်ရှောက်ခံပိုင်ခွင့် ရှိတယ်။ အကျဉ်းသားအားလုံးဟာ ကျမ်းမာရေး စောင့်ရှောက်ခံပိုင်ခွင့် လုံးဝမရှိဘူး။ ဒါဟာ လူသားတယောက်ရဲ့ အခွင့်အရေးကို ရိုက်ချိုးတာဖြစ်တယ်။ လုံးဝ လူမဆန်တဲ့ အလုပ်ဖြစ်တယ်။ နအဖ လုပ်နေတဲ့ ပုံစံက လူသားတွေကို တရားဝင် သတ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် မြန်မာ့အရေး လှုပ်ရှားသည့်ကင်ပိန်း (ဗြိတိန်) Burma Campaign (UK) ကလည်း ကျောင်းသားခေါင်းဆောင် ကိုမြအေးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် စနစ်တကျ ဆေးကုသပေးရန် လိုအပ်ကြောင်း သဘေထားထုတ်ပြန်ခဲ့သည်။

အလားတူပင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကိုမြအေးသည် ကျမ်းမာရေးအခြေအနေ ဆိုးရွားနေသဖြင့် အကျဉ်း ထောင်မှ အမြန်ဆုံး ပြန်လွှတ်ပေးရန် သို့မဟုတ် ရန်ကုန်တွင် ကျမ်းမာရေး ကုသစစ်ဆေးပေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး ကျမ်းမာရေး ကုသမှု စနစ်တကျ ပြုလုပ်ပေးရန် ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သေးသည်။

ကိုမြအေးသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီစျေးနှုန်း ကျဆင်းရေး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦးထက်မနည်းနှင့်အတူ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည်။

ကိုမြအေးကဲ့သို့ပင် NLD မတ္ထရာအမတ် ဦးသန်းလွင်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦး၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် NLD မြို့နယ်စည်းအဖွဲ့ဝင် ဦးတင်ယု စသည်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၁၃၀ ခန့်သည် နှလုံး၊ ကျောက်ကပ်၊ အဆုတ်ရောဂါ၊ သွေးတိုးနှင့် ဝမ်းလျှောရောဂါများ ခံစားနေရကြောင်း AAPP-B က ပြောဆိုသည်။