မွန် ၁ဝ၃ ဦးကို ထိုင်းရဲက ပြန်လွှတ်ပေး

မွန် ၁ဝ၃ ဦးကို ထိုင်းရဲက ပြန်လွှတ်ပေး
တရက်ကြာဖမ်းဆီးပြီးနောက် တရားမဝင် ဝင်ရောက်လာသော မြန်မာနို်င်ငံသား ၁ဝ၃ ဦးအား ထိုင်းလုံခြံုရေးများက  ယမန်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း....

တရက်ကြာဖမ်းဆီးပြီးနောက် တရားမဝင် ဝင်ရောက်လာသော မြန်မာနို်င်ငံသား ၁ဝ၃ ဦးအား ထိုင်းလုံခြံုရေးများက  ယမန်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ၁၂ မိုင်ကျော် ကွာဝေးသည့် ကန်ချနပူရီခရိုင် စံခလပူရီမြို့အနီး ဇာလီဖောင်းကျေးရွာ တောစပ်တွင် မေ ၃ ရက်နေ့က နယ်ခြားစောင့်တပ်နှင့် ရဲများပူးပေါင်းဖမ်းဆီးခဲ့ပြီး စံခလပူရီ ရဲစခန်းတွင် ချုပ်ထားရာမှ ယမန်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူများသည် အသက် ၂ဝ နှစ်မှ ၄ဝ နှစ်ကြား အမျိုးသား ၄ဝ ဦးနှင့် အမျိုးသမီး ၆၃ ဦး ဖြစ်ကြပြီး မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မှ ဖြစ်သည်။

“သူတို့ကိုခေါ်တဲ့ ပွဲစား (၄ဦး) တွေက တာဝန်ယူပေးတယ်။ မနေ့ မနက်ပိုင်းက ပြန်လွတ်လာကြတယ်” ဟု ထိုင်းအခြေစိုက် ကောင်းဝါ မွန်သတင်းဌာနမှ အယ်ဒီတာတဦးဖြစ်သူ မင်းစိုင်းနွန်ဒေါက မဇ္စျိမကို ပြောသည်။
လွတ်မြောက်လာသူများသည် မြန်မာပြည်သို့ ပြန်သွားပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် စံခလပူရီ တောတွင်းတနေရာ၌ သောင်တင်နေသည်ဟု ဆိုသည်။

ထိုင်းနို်င်ငံတွင် အလုပ်ရလျှင် ဝန်ဆောင်ခအဖြစ် မြန်မာငွေ ကျပ် ၅ သိန်း သို့မဟုတ် ထိုင်းဘတ်ငွေ ၁၇ဝဝဝ အား မိဘထံမှတဆင့် ပွဲစားခ ပေးဆောင်ရမည်ဟု သဘောတူကာ လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်မှုကြောင့် မွန်တိုင်းရင်းသားများ အဖမ်းဆီးခံရမှု ၁ဝ ကြိမ်ခန့်ရှိခဲ့သော်လည်း ယခုတခေါက်သည် အများဆုံး ဖမ်းဆီးမှုဖြစ်သည်။

Most read this week