ILO အဓမ္မလုပ်အားပေး ပညာပေးစာစောင် ဖြန့်ချီမည်

ILO အဓမ္မလုပ်အားပေး ပညာပေးစာစောင် ဖြန့်ချီမည်
by -
ခိုင်စု
ရန်ကုန်ရှိ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် စစ်အစိုးရ အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဓမ္မလုပ်အားပေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များအား ပထမဆုံးအကြိမ်အဖြစ် ယခုလကုန်တွင် နိုင်ငံတဝှန်း ဖြန့်ဝေမည်ဟု....

ရန်ကုန်ရှိ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့် စစ်အစိုးရ အလုပ်သမား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အဓမ္မလုပ်အားပေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များအား ပထမဆုံးအကြိမ်အဖြစ် ယခုလကုန်တွင် နိုင်ငံတဝှန်း ဖြန့်ဝေမည်ဟု သိရသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် နေပြည်တော်၌ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိမာရှယ် ဦးဆောင်သော အဇွဲ့နှင့် အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်တို့ အစည်းအဝေးက အဆိုပါ လက်ကမ်းစာစောင်များ ပူးတွဲဖြန့်ဝေရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

“စာသားတွေ အားလုံးက အတည်ပြုချက်ရပါပြီ။ ရှေ့အပတ်မှာ ဒီဇိုင်းတွေ ချရိုက်လို့ပြီးရင် ဖြန့်နိုင်ပါပြီ” ဟု ILO နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

“လက်ကမ်းစာစောင်မှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုတာ ဘာလဲ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု မဟုတ်တာက ဘာလဲ၊ အဓမ္မလုပ်အားပေး အခိုင်းခံရရင် တိုင်လို့ရတဲ့ အကြောင်း၊ ဘယ်လိုနေရာတွေမှာ တိုင်တန်းနိုင်လဲ၊ တိုင်ရင် လုံခြံုမှု ရှိမရှိ ဆိုတာတွေ ရှင်းပြထားပါတယ်” ဟု သူက ဆက်ပြောသည်။

၆ မျက်နှာပါရှိမည့် စာစောင်၏ ရှေ့ဆုံးမျက်နှာစာ၏ ဘယ်ဘက်ထိပ်တွင် အလုပ်သမားဝန်ကြီးဌာန တံဆိပ်နှင့် ညာဘက်ထိပ်တွင် ILO တံဆိပ် ပါရှိမည်ဖြစ်ကာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပုံနှိပ်သွားမည်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုအကြောင်းကို မြို့ပြသာမက ကျေးလက်များအထိပါ ကျယ်ပြန့်စွာ ရောက်ရှိရန် NGO အဖွဲ့များ၊ အစိုးရရုံးဌာနများမှတဆင့် ဖြန့်ဝေသွားမည်။ စာစောင်ကုန်ကျစရိတ်ကိုမူ ILO ကပင် ကျခံသွားမည်။

အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ပညာပေးစာစောင် ဖြန့်ဝေမည့်ကိစ္စကို ပြည်ပအခြေစိုက် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB က ကြိုဆိုသော်လည်း မလုံလောက်ဟု ပြောသည်။

''အစိုးရက အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ပတ်သက်ပြီး လိုက်လျောလာတာဟာ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိတယ်။ ဘာလို့ လုပ်တာလဲဆိုတော့ လာမယ့် ဇူလိုင်လ ILO ရဲ့ ညီလာခံမှာ သူတို့ လုပ်အားပေးခိုင်းစေမှုနဲ့ ပတ်သက်လို့ အကြီးအကျယ် ရင်ဆိုင်ဖြေရှင်းရမှာ။ အဲဒါကြောင့် လိုက်လျောမှုတွေရှိတဲ့အကြောင်း နိုင်ငံတကာကို မျက်လှည့်ပြချင်တဲ့ သဘောပေါ့ဗျာ'' ဟု FTUB တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဇော်ဝင်းအောင်က ပြောသည်။

သူက ဆက်ပြီး ''လက်ကမ်းစာစောင် ရိုက်ဝေရုံနဲ့ မလုံလောက်ပါဘူး။ သတင်းစာ၊ ရေဒီယို၊ TV တွေကနေ ကြေညာရမှာပါ။ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမလဲဆိုတာ မေးခွန်းတခုပါ။ … အပေါ်ယံပဲ ရှပ်လုပ်တယ်ဆိုရင်တော့ သိပ်အကျိုးရှိမယ်လို့ မမြင်ပါဘူး။ လုပ်အားပေးခိုင်းစေမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဥပဒေအတိုင်း တိတိကျကျ လိုက်နာဖို့လည်း လိုပါတယ်။ အဓမ္မခိုင်းစေမှု ကျူးလွန်တဲ့ သူတွေကိုလည်း ဥပဒေနဲ့ အရေးယူအပြစ်ပေးဖို့ လိုအပ်ပါတယ်။ ခိုင်းစေခံရတယ်လို့ တိုင်ရင် တိုင်တဲ့လူကို ဖမ်းနေတာ ဥပဒေက ပြောင်းပြန် ဖြစ်နေပါတယ်'' ဟု ပြောသည်။

ဧပြီလ ၃ဝ ရက်နေ့ နေပြည်တော် အစည်းအဝေး၌ အလုပ်သမားဝန်ကြီးဌာနနှင့် ILO ပူးပေါင်း၍ အဓမ္မလုပ်အားပေးမှု အသိပညာပေး ဟာပြောပွဲတရပ်အား အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့်ပတ်သက်၍ တိုင်တန်းမှု အများဆုံးဖြစ်သည့် ပဲခူးမြို့၌ ယခုလထဲတွင် ပြုလုပ်ရန် သဘောတူခဲ့သေးသည်။

မြစ်ကြီးနား ၊ ဘားအံ ၊ လားရှိုး ၊ စစ်တွေ ၊ မုံရွာ နှင့် မကွေးမြို့ များတွင် ဟောပြောပွဲများ ပြုလုပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များကို ပညာပေးခြင်း ဖြစ်သည်။