နာဂစ်မုန်တိုင်း ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်ဒေသခံ ၁ သိန်း ၈ သောင်းခန့် သည် သောက်သုံးရေ ရှားပါးမှု ကြံုနေရကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှ သိရသည်။
ယင်းလူဦးရေသည် လပွတ္တာ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း စသည့် မြို့နယ် ၃ ခုမှဖြစ်ပြီး ခြောက်သွေ့ရာသီကြောင့် ရေရှားပါးမှုသာမက ရေရရှိနိုင်နည်းလမ်း များလည်း မရှိကြောင်း ကုလသမဂ္ဂရုံး ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က မဇ္စျိမကို ပြောသည်။
သို့သော်လည်း ယမန်နှစ်ထက် ထက်ဝက်ခန့်လျော့ကျသွားခြင်းဖြစ်ပြီး ၂ဝဝ၉ ခု နှစ် မတ် နှင့်မေလအတွင်း ယင်းမြို့နယ် ၃ ခုတွင် လူဦးရေ ၃ သိန်း ၅ သောင်းခန့် သောက်သုံးရေ အခက်အခဲများကို ကြံုတွေ့ခဲ့ရသည်။
သောက်ရေ၊ ကျန်းမာရေးစနစ်နှင့် တကိုယ်ရေသန့်ရှင်းရေးအတွက် ယခုနှစ် ဇူလိုင်ထိ ရံပုံ ငွေ အမေရိကန်ဒေါ်လာ ၆.၄၈ သန်းရရှိပြီးဖြစ်သော်လည်း အမှန်တကယ် လိုအပ်ငွေမှာ ဒေါ်လာ ၁၆.၁၆ သန်း ဖြစ်သည်ဟု ကုလသမဂ္ဂရုံုးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေကန်ပေါင်း ၃၈ဝဝ ထိ မွန်းမံပြင်ဆင်ပြီး ဖြစ်သော်လည်း ရေချိုအခက်အခဲ ကြံုနေရဆဲပင် ဖြစ်ကြောင်း ဦးအေးဝင်းက ပြောသည်။
ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဖိုးသူချောင် အုပ်စု ဖိုးသူချောင်ကျေးရွာတွင် မိုးရေလှောင်ကန် များ စတင်ခမ်းခြောက်နေပြီး လာမည့် ၃ ရက်ခန့် တွင် သောက်သုံးရေ လုံးဝ ပြတ်လပ် တော့မည် ဖြစ်ကြောင်း ရွာခံတဦးက ပြောသည်။
“ရွာမှာ ၃ ကန်ရှိတယ်။ ရေရှိတဲ့ကန်က တကန်ပဲ။ ရွာနီးခြောက်စပ်က ဒီမှာလာ ဝိုင်းခပ်တာ ဆိုတော့ အကုန်မြန်တယ်။ ရေက ၂ ပေ လောက်ပဲ ရှိတော့တယ်။ သုံးလို့ မရတော့ဘူး။ အိုးတွေထဲမှာ အနည်ထိုင်ထားတဲ့ ရေကတော့ ၃ ရက်စာလောက် ရှိ သေးတယ် ” ဟု သူက မဇ္စျိမကို ပြောသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုများအရ လူပေါင်း ၁၈ဝ ဝဝဝ ဦးခန့် သောက်ရေ သန့်ရရှိရန် လိုအပ်နေပြီး လူ တသိန်းခန့်မှာလည်း နေအိမ်များ ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
၂ဝဝ၉-၂ဝ၁၁ အတွင်း နာဂစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် စုစုပေါင်း လိုငွေ ဒေါ် လာ ၆၉၁ သန်း လိုနေသော်လည်း ယခုအထိ သန်း ၁၈ဝ သာ ရရှိသေး ကြောင်း သိရ သည်။
၂ဝဝ၈ ခု မေ ၂-၃ ရက်တွင် တနာရီမိုင် ၁ဝဝ ကျော်ဖြင့် တိုက်ခဲ့သည့် နာဂစ် မုန်တိုင်း ကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက် ဆုံးခဲ့ ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။