စစ်ဘက်ရာထူး စွန့်လိုက်သော ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းပါ ၂၇ ဦးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ခေါင်းဆောင်ပြီး ယမန်နေ့က မှတ်ပုံ တင်ခွင့် လျှောက်ထားလိုက်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်အရ သိရသည်။
စစ်အစိုးရက ထူထောင်ထားသော လူမှုရေးအဖွဲ့ဖြစ်သော ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွ့ံဖြိုးရေးအဖွဲ့မှာ နိုင်ငံရေးပါတီ ဖြစ်လာပြီး မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း ဖြစ်သည်။
မဇ္ဈိမက ဆက်သွယ်မေးမြန်းသော ကြံ့ဖွံ့ခေါင်းဆောင်တဦးက ၂၇ ဦး၏ အမည်ကို အသေးစိတ်ပြောရန် ငြင်းဆန်သော်လည်း လူမှုရေး ကြံ့ဖွံ့အသင်းကာလက ဗဟိုအလုပ် အမှုဆောင်များ ဖြစ်သည်ဟု ဆိုသည်။
ကြံ့ဖွံ့ပါတီက နိုင်ငံတဝှမ်း လွှတ်တော်သုံးရပ်လုံးတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည်ဟု သူက ပြောသည်။
ရာထူးမှ အနားယူလိုသည်ဟု သတင်းများ မကြာခဏ ထွက်ပေါ်နေခဲ့သော ဝန်ကြီးချုပ်ကို ကြံ့ဖွံံ့ပါတီကို ဦးဆောင်ခိုင်းလိုက်ခြင်းအတွက် ဝန်ကြီးချုပ်ကိုယ်တိုင် အံ့သြ နေသည်ဟု နေပြည်တော်နှင့် နီးစပ်သော သတင်းရပ်ကွက်တခုက ပြောသည်။
“(စစ်) ယူနီဖောင်းနဲ့ပဲ သူတို့က လုံခြံုကြတာ။ ဗိုလ်ချုပ်မှူးကြီးကပဲ စီစဉ်သွားတာ” ဟု သူက ထပ်ပြောသည်။
ဧပြီလ ၂၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ ဝန်ကြီး၊ ဒုဝန်ကြီးများနှင့် ရာထူးလက်ကိုင်ရှိ စစ်ဘက်အရာရှိ ၂၂ ဥိီးသည် တပ်မတော် (ကြည်း) မှ အငြိမ်းစားရသွားကြသည်။
စစ်ရာထူးခန့်ချုပ်ရုံး၏ ဧပြီလ ၂၆ ရက်နေ့စွဲပါ စာအရ အရပ်ဘက်ပြောင်းသွားသူများတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ဉာဏ်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဒုဝန်ကြီး ဗိုလ်မှူးချုုပ်ဘုန်းဆွေ၊ ဟိုတယ်ခရီးဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်၊ လျှပ်စစ် ၁ ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ စီးပွားကူးသန်းမှ ဗိုလ်မှူးချုပ်တင်နိုင်သိန်း၊ လျှပ်စစ် ၂ မှ ဗိုလ်ချုပ်ခင်မောင်မြင့်၊ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်သန်းဋ္ဌေးတို့ ပါဝင်သည်။
ထို့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်နေရာချထားရေး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ ဘဏ္ဍာအခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးကြီးသန့်ရှင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးမှ ဗိုလ်မှူးချုပ်ဝင်းအောင်၊ ဗိုလ်မှူးချုပ်ညီထွန်း၊ ဗိုလ်မှူးကျော်ကျော်အောင်၊ ဗိုလ်မှူးချုပ်စိုးဦး၊ စက်မှု ၂ ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်စွာခိုင်၊ ကာကွယ်ရေုးဒုဝန်ကြီး ဗိုလ်ချုပ်အေးမြင့်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးမှ ဗိုလ်မှူးကြီးကျော်ကျော်ဝင်းနှင့် ရှေ့နေချုပ်ရုံးမှ ဒုဗိုလ်မှူးကြီးဝင်းကိုတို့လည်း ပါဝင်ကြသည်။
စစ်ဘက်ရာထူးစွန့်သူ ၂၂ ဦးအနက်မှ ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးအချို့မှာ ကြံ့ဖွံ့ပါတီ မှတ်ပုံတင် လျှောက်ထားသူများတွင် ပါဝင်ကြောင်း မဇ္ဈိမက လေ့လာသိရှိရသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ပါဝင်ခွင့်ပြုထားသည်။
စစ်သားများက အရပ်ဘက်သို့ ပြောင်းလိုက်လျှင် စစ်ဘက်ကိုယ်စားလှယ် ကဏ္ဍအောက်မှ မဟုတ်သောကြောင့် စစ်အစိုးရအတွက် ပါလီမန်တွင် နေရာများ ပိုမိုရရှိလာမည်ဟု ဝေဖန်သူများက ပြောသည်။
မကြာမီတွင် ဝန်ကြီးနှင့် စစ်ဘက်အရာရှိအချို့ နောက်ထပ် စစ်ဘက်ရာထူးများမှ အငြိမ်းစားယူဖွယ် ရှိနေသေးသည်ဟုလည်း ခန့်မှန်းထားကြသည်။
ကြံ့ဖွံ့က ပါတီဝင်အင်အားအသစ်ရရန် ကြိုးစားမှုများ လုပ်ဆောင်လာနေပြီး သန်း ၂ဝ ခန့်အထိ ရအောင် စီစဉ်သွားမည်ဖြစ်သည်ဟု ပါတီသတင်းရပ်ကွက်အရ သိရသည်။