မေလ ၆ ရက်နေ့နောက်ပိုင်း NLD လူမှုရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ ပါတီအမည်နှင့် အလံအား ဆက်လက်သုံးစွဲပါက ကန့်ကွက်သွားမည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။
“တိုင်တာတွေ လုပ်မှာ မဟုတ်ပါဘူး။ နိုင်ငံရေး သဘောအရ သဘောမတူလို့ ကန့်ကွက်သွားမှာပါ။ ကျန်တာကို ကော်မရှင်က လုပ်သွားမယ့် သဘောပါ။ ကျနော်တို့ စွက်ဖက်စရာ အကြောင်းမရှိပါဘူး” ဟု ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။
“၈၈ ခုနှစ်က ဒီမိုကရေစီတိုက်ပွဲကို ဂုဏ်ပြုပြီးတော့ ကျောင်းသားတွေရဲ့ ခွပ်ခေါင်းအမှတ်လက္ခဏာကို အခုမှ လာပြီးတော့ကာ လူမှုရေးတွေအတွက် သုံးမယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သုံးမယ်ဆိုလို့ရှိရင် လက်မခံဘူးဆိုတာကို အတိအလင်း ကန့်ကွက်ခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုလ ၂၆ ရက်နေ့ CEC အစည်းအဝေးတွင် ပါတီဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိရေး၊ မထားရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာ သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သည်။
အခြားသော ဗဟိုအလုပ်မှုဆောင်ဝင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ “ပါတီကို ဖျက်သိမ်းတယ်၊ ပျက်ပြယ်တယ်လို့ ယူဆလို့ရှိရင် ပါတီနာမည် ဆက်သုံးခွင့် မရှိတော့ဘူး။ မရှိလည်း လုပ်လို့ ရတာပဲ။ တခြား တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားများပါတီတို့ဟာ ဖျက်သိမ်းခံရတာ နှစ်ပေါင်း ၁၄-၅ နှစ် မကတော့ဘူး။ ဒီလိုပဲ လုပ်နေကြတာ” ဟု ပြောသည်။
ဦးခင်မောင်ဆွေက ခွပ်ဒေါင်းပုံ NLD အလံနှင့် အမည်ကို နိုင်ငံရေးလုပ်ငန်းလုပ်လျှင်တော့ မကန့်ကွက်ဟု ပြောသည်။
ပါတီကို ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီး အဖွဲ့ဝင်များ အစည်းအဝေးက မှတ်ပုံမတင်ရန် တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် ပါတီမှတ်ပုံတင်ရမည့် နောက်ဆုံးရက်ဖြစ်သည့် လာမည့်လ ၆ ရက်နေ့ နောက်ရက်မှ စတင်ကာ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု NLD က ပြောဆိုခဲ့သည်။