မွန်ပြည်သစ်ပါတီ၏ဌာနချုပ်ဝန်းဒေသနေ ကျေးရွာသား(၅ဝဝ)နီးပါးခန့်သည် မြန်မာစစ်အစိုးရ၏ ထိုးစစ် ကိုကြိုတင်ရှောင်ရှားသည့်အနေနှင့် ခလော့ဟနီမွန်ဒုက္ခသည် စခမ်းအတွင်း အခုရက်ပိုင်းအတွင်း တိမ်းရှောင်ရောက် လာခဲ့သည်ဟု စခမ်းကော်မီတီတစ်ဦးမှ ပြောပါသည်။
ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များကို မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးကော်မီတီနှင့် ဒေသဆိုင်ရာ NGO အဖွဲ့အစည်းများမှ ကူညီစောင့်ရှောက်ပေးနေရသည်ဟု အဆိုပါစခမ်းကော်မီတီမှပြောပါသည်။
စစ်အစိုးရနဲ့မွန်ပြည်သစ်ပါတီတို့အကြား စစ်ရေးတင်းမာမှုမရှိသေးသော်လည်း ရွာသားများအနေနှင့် စိုးရိမ် ကြောက်လန့်ပြီး နယ်စပ်ဘက်ကို ကြိုတင်ရှောင်တိမ်းလာသည်ဟု ချဲတိုက်ရွာသူတစ်ဦးမှပြောပါသည်။
“ဒီလိုသတင်းမကောင်းဘူးဆိုတော့ မွန်နဲ့ဗမာနဲ့ဖြစ်မှာဆိုတော့ကြောက်လို့ပေါ့။ ခြိမ်းခြောက်တာတို့မျိုး မဟုတ်ဘူးပေါ့နော်။ သူတစ်ခွန်း ငါတစ်ခွန်းပြောသံကြားတယ် ဆိုတော့ မဖြစ်ခင်က ကြိုပြေး ထားတာပေါ့နော်။”
ခလော့ဟနီဒုက္ခသည်စခန်းအတွင်းသို့ ခိုလှံုရောက်ရှိလာသည့် မွန်ဒုက္ခသည်များကို နေရာချထားရေး ကိစ္စနှင့်ပက်သက်၍ မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေး ကော်မီတီ အတွင်းရေးမှူး နိုင်ဇော်မင်းဦးကိုမေးမြန်းခဲ့ရာ ဤသို့ဖြေကြားခဲ့ပါသည်။
“လောလောဆယ်ဆယ်ကျတော့ စာသင်ကျောင်းမှာနေရာချထားပေးပါတယ်။ အိမ်တို့ဘာတို့ သူတို့ဆောက် လို့မမီသေးဘူး။ ကျွန်တော်တို့(၃)ရက်စာလောက် ဆန်တွေကို ထုတ်ထားပေးပါတယ်။ ကျန်တာ ကျတော့ ဝင်ကမှာ ရှိတဲ့ NGO အဖွဲ့အစည်းတွေသူတို့ ပေါင်းပြီးတော့ အကူအညီပေးပါတယ်။ သူတို့ဟင်းသီး ဟင်းရွက်နဲ့စားစရာတွေ အဲတာအကူအညီပေးပါတယ်။”
တိမ်းရှောင်လာသူဒုက္ခသည်များသည် မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသဘက် မှ အများစုဖြစ်သည်ဟု စခမ်းကော်မီတီတစ်ဦးမှပြောပါသည်။
လောလောဆယ်ဆယ်အနေထားအရ ခလော့ဟနီဒုက္ခသည်စခမ်းအတွင်း၌ သောက်သုံးရေ အခက်အခဲ အပြင်အိမ်သာမလုံလောက်မှုပြသနာနှင့်ရင်ဆိုင်နေရသည်ဟု ကျန်းမာရေးမှူးတစ်ဦးမှပြောပါသည်။ ရေရှည်တွင် ခလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအနေအထားအတွက် စိုးရိမ်ဘွယ်ရှိသည်ဟုဆိုပါသည်။
(၁၉၉၂-၉၃) ခုနှစ်တွင် တည်ဆောက်ခဲ့သည့်ဟလော့ဟနီစခန်းသည် အိမ်ခြေ(၇ဝဝ)ခန့်ရှိပြီး လူဦးရေ (၃၅ဝဝ)ဝန်းကျင်ခန့်နေထိုင်နေသည့် မွန်ဒုက္ခသည်စခမ်း တစ်ခုဖြစ်ပါသည်။