အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့်လ ရ ရက်နေ့မှ စတင်၍ နိုင်ငံရေးလုပ်ငန်းများ ရပ်ဆိုင်းကာ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“မေလ ရ ရက်နေ့ကစပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။ တတ်နိုင်တဲ့ လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်'' ဟု NLD ပြောခွင့်ရပုဂ္ဂိုလ်နှင့် CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC အစည်းအဝေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး HIV/ AIDS ဝေဒနာသည်များ ကူညီစောင့်ရှောက်ရေး၊ နာဂစ်သင့် ဒုက္ခသည်များအား သောက်ရေသန့် ရရှိရေးနှင့် ကူညီရေး၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား စောင့်ရှောက်ရေး၊ နိုင်ငံရေးအမှုများကို ဥပဒေ အထောက်အကူပြုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် လုပ်ငန်းရပ်များ တိုးချဲ့လုပ်ကိုင်မည်ဟု သိရသည်။
CEC အဖွဲ့ဝင် ဦးဝင်းတင်က “လူမှုရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာက ကျနော်တို့က နိုင်ငံရေးပါတီဗျာ။ ဆိုတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဖို့လိုတယ်။ လူတွေအနေနဲ့ နေ့စဉ်ကြံုတွေ့နေတဲ့ မတရားမှုတွေ ရပ်ပေးသင့်တာ ရပ်ပေးမယ်။ ဦးဆောင်မှု ပေးသင့်တာ ပေးမယ်။ ကန့်ကွက်သင့်တာ ကန့်ကွက်မယ်။ ဒါတွေက လူထုလုပ်ငန်းတွေ ဖြစ်တယ်။ ရုံးတွေ၊ ဋ္ဌာနတွေ မရှိဘူးဆိုရင် လူထုထဲကို ဆင်းမှာပဲ။ လူထုတွေထဲမှာ နိုင်ငံရေး ရှာမယ်။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီတာတွေ ရှိရင်လည်း ရှိမယ်။ ပိုပြီးတော့ ခိုင်မာတဲ့ လုပ်ငန်းတွေ တွေ့ရင်လည်း တွေ့မယ်။ ပျော့ပျောင်းတဲ့ နိုင်ငံရေးဖြစ်ရင်လည်း ဖြစ်မယ်။ ဒါပေမဲ့ ကျနော်တို့က လူထုကြားထဲကို ဆင်းကြမယ်၊ လုပ်ကြမယ်” ဟု မဇ္စျိမကို ပြောသည်။
အစည်းအဝေးသို့ နေအိမ်အကျယ်ချုပ် ကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးအရ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ CEC အဖွဲ့ဝင် ဦးလွန်းတင်တို့မှအပ ကျန်ရှိသည့် CEC အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ကြသည်။
NLD ရုံးများတွင် တပ်ဆင်ထားသည့် ပါတီဆိုင်းဘုတ်နှင့် အလံများကို ပါတီဝင်များက ဖြုတ်သိမ်းခြင်းမပြုရန်လည်း အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ဦးဝင်းတင်က ''ကျနော်တို့အနေနဲ့ ရုံးဖွင့်လို့ ရရင်ဖွင့်မယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ရုံးပိတ်ရမယ်ဆိုရင်၊ သော့ခတ်မယ်ဆိုရင် ကျနော်တို့က ဘာမှ မတတ်နိုင်ဘူး။ ဒါတော့ သူတို့က သော့ခတ်လို့ ရတာကိုး။ ကျနော်တို့က ရုံးမပိတ်ဘူး၊ အလံဖြုတ်မချဘူး၊ ဆိုင်းဘုတ်ဖြုတ်မချဘူး” ဟု ပြောဆိုသည်။
လာမည့်လ ၆ ရက်နေ့တွင် ပါတီသက်တမ်းကုန်မည် ဖြစ်သော်လည်း ဆိုင်းဘုတ်နှင့် အလံအား ဖြုတ်မချရန် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများနှင့် ယခုလ ၂၄ ရက်နေ့တွင် တွေ့ဆုံစဉ် သဘောထား ပေးခဲ့သေးသည်။
တနိုင်ငံလုံးတွင် တိုင်း/ပြည်နယ်နှင့် မြို့နယ်ရုံးများ အပါအဝင် စုစုပေါင်း ရုံး ၃ဝဝ ကျော် တည်ရှိရာ ၂ဝဝ၃ ခုနှစ် မေလ ဒီပဲယင်းဖြစ်ရပ်နောက်ပိုင်း စစ်အစိုးရက အားလုံးကို ပိတ်ပစ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်လ ၈ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲကော်မရှင် ဥပဒေများ ထုတ်ပြန်အပြီး NLD ရုံး ၁ဝဝ ကျော် ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။
အစည်းအဝေး ဆုံးဖြတ်ချက် အသေးစိတ်ကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။