ပြည်သူ့စစ်ပုံစံ လက်မခံဟု မွန်ပြည်သစ် တရားဝင်ပြော

ပြည်သူ့စစ်ပုံစံ လက်မခံဟု မွန်ပြည်သစ် တရားဝင်ပြော
လက်ရှိမြန်မာအစိုးရမှ မွန်ပြည်သစ်ပါတီကို ပြည်သူ့စစ်ပုံစံ အသွင်ပြောင်းဖွဲ့စည်းခိုင်းသည့်အပေါ် ပါတီမှ လုံးဝလက်မခံကြောင်း ယနေ့ပါတီသတင်းစာရှင်းလင်းပွဲမှာ တရားဝင်....

လက်ရှိမြန်မာအစိုးရမှ မွန်ပြည်သစ်ပါတီကို ပြည်သူ့စစ်ပုံစံ အသွင်ပြောင်းဖွဲ့စည်းခိုင်းသည့်အပေါ် ပါတီမှ လုံးဝလက်မခံကြောင်း ယနေ့ပါတီသတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောကြားသည်။

ပြည်သူ့စစ်ပုံစံအဖြစ် လက်မခံနိုင်ကြောင်းကို အမျိုးသားညီလာခံတက်ရောက်ခဲ့သူ ပါတီမှ ဗဟိုကော်မတီဝင် နိုင်တင်လှမှ ဧပြီလ ၂၂ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံသို့ သွားရောက်အကြောင်းကြားခဲ့သည်။

“အရှေ့တောင်တိုင်းက လက်ခံရရှိထားတာကတော့ သေချာပါတယ်” ဟု ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေမွန်က ပြောသည်။ “လောလောဆယ်မှာတော့ ဟိုကနေ ပြန်ပေးတဲ့သဘောထားကတော့ မရရှိသေးပါဘူး”။

မြန်မာစစ်အစိုးရမှ ပြည်သူ့စစ်ပုံစံအဖြစ် အတင်းအကြပ် ဖွဲ့စည်းခိုင်းပါက ပြန်လည်ကာကွယ်သွားမည့်အစီအစဉ်ကို ပြုလုပ်သွားမည်ဟု ၄င်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ယခုလောလောဆယ်မှာ ပြည်တွင်းမှာရှိတဲ့ မွန်ပြည်သစ်ပါတီရုံးတွေ ကျနော်တို့နဲ့ နီးစပ်ရာ ကျနော်တို့နဲ့ ထိစပ်တဲ့နယ်မြေတွေဘက်မှာ ပြောင်းရွေ့ထားပါတယ်” ဟု နိုင်ချေးမွန်က ပြောသည်။

၂၀၁၀ ဧပြီလ ရ ရက်နေ့တွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင် များတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ကြပြီး၊ မွန်ပြည်သစ်ပါတီမှ ၄င်းတို့ကမ်းလှမ်းချက်ကို လက်မခံပါက ၁၉၉၅ ခုနှစ်နောက်ပိုင်း အခြေအနေသို့ ပြန်လည် ရောက်ရှိသွားမည်ဟု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီအား ပြောဆိုထားသည်။

အမျိုးသားအခွင့်အရေးပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်စပ်ကြား တပ်ဖွဲ့များအသွင်ပြောင်းလက်ခံရန် များစွာအခက်အခဲရှိသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်ဖွဲ့ဝင်များ၊ မွန်မျိုးချစ်များအနေဖြင့် လက်ခံလိုသောဆန္ဒမရှိပါ။

လောလောဆယ်အခြေအနေ၌ ယခုလက်ရှိနိုင်ငံရေးအနေအထားအတိုင်း လက်ရှိရရှိထားသော ငြိမ်းချမ်းရေးကို အတက်နိုင်ဆုံး ထိန်းသိမ်းလိုသည်။  ဧပြီလ ၂၂ ရက်နေ့တွင် အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီး အလေးအနက်ထပ်မံဆွေးနွေးထားကြသည်။

ငြိမ်းချမ်းရေး အဓွန့်တည်တံ့ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာရန် အလေးအနက် လိုလား ဆန္ဒရှိကြသည်။

၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး ရယူစဉ်က သက်ဆိုင်ရာနိုင်ငံရေးအကြီးအကဲမှ သဘောထားပေးထားသည့်အတိုင်း နိုင်ငံရေးကိစ္စများကို နောင်တက်လာမည့် ဒီမိုကရေစီအစိုးရနှင့် ညှိနှိုင်းဆွေးနွေးလိုသည်။

Most read this week