မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ လယ်ယာမြေများကို လယ်သမားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုပြင်ရာတွင် ဆည်မြောင်း ဝန်ကြီး ဌာနမှ တာဝန်ပျက်ကွက်မှုကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
“ကမ်းစပ်အနီးမှာရှိတဲ့ လယ်မြေတွေ ရေတိုက်စားနေတာကို ကာကွယ်ဖို့အတွက် ဝိုင်းပြီး မြေဖို့ဖို့ ကျွန်တော်တို့ လယ်သမားတွေစုပြီး မြို့နယ်မှုးကိုစာတင်ပေးဖို့ ရွာဥက္ကဌကို တောင်းခံခဲ့တာပါ၊ ရေတိုက်စားထားလို့ လယ်တွေ တော်တော်ပျက်စီးနေပြီး၊ နှစ်တိုင်းပဲ မြေတူးတဲ့ကားကို တောင်းနေတာ ဒီနှစ်မှပဲရတော့တယ်၊ ရပြန်တော့လည်း ရက် ၂၀ လောက်မြေဖို့ရမယ့်နေရာမှာ ၄ ရက်လောက်ပဲ လုပ်ပေးပြီးတော့ ပြန်သွားတယ်၊ အခုဆို ကျွန်တော်တို့ လယ်မြေတွေလည်း ဟိုမရောက် ဒီမရောက်နဲ့ မြေဖို့ပေးထားတဲ့နေရာမှာ ရေတိုက်စားလို့ ပြန်ပျက်နေပြီး” ဟု လယ်သမားတစ်ဦးက ဆိုသည်။
လယ်သမားတို့၏ တောင်းဆိုမှုကြောင့် ချောင်းဆုံမြို့နယ် ဆည်မြောင်းဝန်ကြီးဌာနမှ လယ်ယာမြေပြုပြင်ရန်အတွက် မြေတူးစက်ကားကြီးတစ်စီးကို မတ်လ ၁၄ ရက်နေ့တွင် ချပေးခဲ့ပြီး၊ မတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်မှ အမိန့်စာကြောင့် ဘီလူးကျွန်းမှ ဟင်္သာကျွန်းသို့ ပြန်သွားခဲ့သည်။
“စုစုပေါင်း လယ်မြေ ဧက ၁၀၀ လောက်ကို ဝိုင်းပြီးတော့ မြေဖို့ရမယ်၊ အခုက ၁၀ ဧကလောက်တောင် မရသေးဘူး နေပြည်တော်က အမိန့်စာနဲ့ ဟင်္သာကျွန်းကို သွားရမယ်ဆိုပြီးတော့ တဝက်တပျက်နဲ့ မြေတူးကားက ပြန်သွားတယ်၊ ဦးပိုင်တကွက်လောက်ပဲ ပြီးသေးတယ်၊ ဟိုတစ်ပိုင်း ဒီတစ်ပိုင်းနဲ့ ဒီအတိုင်း ပစ်ထားမယ်ဆိုရင် မိုးတွင်းရောက်ရင် ရေတိုက်စားလို့ ပြန်ပျက်အုံးမှာပဲ ဘာမှမထူးဘူး၊ ပိုက်ဆံလည်းကုန် လူလည်းပင်ပန်းတယ်” ဟု ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြံုတွေ့နေခဲ့သူ လယ်သမားတစ်ဦးက ပြောသည်။
လယ်သမား ၈ ဦးဖြင့် ၄င်းတို့၏လယ်ယာမြေများကို ကိုယ်ထူကိုယ်ထ ပြုပြင်ရာတွင် စက်သုံးဆီ၊ စားသုံးစရိတ်၊ အလုပ်သမားငှားခအစရှိသည့် ကုန်ကျစရိတ်အားလုံး အတွက် လယ်သမားတစ်ဦးလျှင် ငွေကျပ် ၁ သိန်း စုပေါင်းပေးဆောင်ထားပြီး ဖြစ်သည်။
“ဘီလူးကျွန်း ဆည်မြောင်းဌာနက မြို့နယ်ဦးစီးမှုးတွေ ပိုက်ဆံစားချင်လို့ အခုလိုလုပ်လိုက်တာပဲ၊ ခရိုင်ဆည်မြောင်းရုံးကို တိုင်ကြားထားပြီးပြီ၊ ပြန်ပို့ပေးမယ်လို့တော့ ပြောတာပဲ၊ မိုးမရွာခင် စက်ရောက်ရင် ကောင်းမယ်၊ မရောက်ရင်တော့ လယ်မြေတွေက အရင်အတိုင်းပဲ ပြန်ဖြစ်မှာပဲ” ဟု အခြားလယ်သမားတစ်ဦးက ပြောသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနမှ မန်နေဂျာဟောင်းတစ်ဦး၏ အဆိုရ နိုင်ငံတော် ဥပဒေအရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ဟာ လယ်သမားတို့၏ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးရန်အတွက် ဆည်မြောင်းဦးစီးဌာန၏ ထိန်းသိမ်းရေးနှင့် တည်ဆောက်ရေးအောက်မှ ကျခံသုံးစွဲပေးရမည်ဖြစ်သည်။
“လယ်သမားတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်နေတာတောင် ဆည်မြောင်းဦးစီးဌာနတွေက အခုလိုအပြည့်အဝ လုပ်မပေးတဲ့အပြင် ဘီလူးကျွန်းကနေတဆင့် ဟင်္သာကျွန်းကို စက်ပြန်ပို့လိုက်တာဟာ လုံးဝကို မတရားရာကျနေပါပြီ” ဟု ၄င်းက ပြောသည်။