လေပြင်းကြောင့် မူစယ်တွင် ပျက်ဆီးမှုများပြား

လေပြင်းကြောင့် မူစယ်တွင် ပျက်ဆီးမှုများပြား
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်နှင့် တရုတ်နယ်စပ်တစ်လျှောက်တွင်  ဧပြီလ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း....

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်နှင့် တရုတ်နယ်စပ်တစ်လျှောက်တွင်  ဧပြီလ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် သစ်ပင်များနှင့် လူနေအိမ်များ ပြိုလဲပျက်ဆီးခဲ့ကြောင်း သိရသည်။

တရုတ် - မြန်မာနယ်စပ် မူစယ်ခရိုင်အတွင်းပါ၀င်သော မူစယ် မန့်ဟျှိုး (မန့်ဟီးရိုးမြို့)နယ်ခွဲ နှင့် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်တွင် အိမ်အမိုးများလွင့်စင်သွားခြင်း အိမ်ဝန်းထရံများပြိုလဲခြင်း သစ်ပင်များကျိုးကျ ခြင်းများနေရာအနှံ့ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ပြောသည်။

လေပြင်းတိုက်ခိုက်ချိန် ၁၀ မိနစ်နီးပါးခန့်အတွင်း မူစယ်မြို့တွင် ပျက်ဆီးမှုအထူးများပြားပြီး လျှပ်စစ်မီးလှိုင်း များ ယနေ့အထိ ပြတ်တောက်လျှက်ရှိကြောင်း မူစယ်မြို့ခံ တစ်ဦးက ပြောသည်။

အိမ်အမိုးပြင်နေသည့် တရုတ်နယ်စပ်နေ ရွာသားတစ်ဦး

“မူဆယ်မှာ အိမ်အမိုးလှန်တယ် စည်ပင်တန်းလျားတစ်ခုလုံး ပြိုသွားတယ် သစ်ပင်တွေတော့ တော်တော် ကျိုးသွားတာ ပေါ့ဗျာ တစ်ဝက်လောက်ကနေ ဟက်တက်တွေ ကျိုးကုန်တယ် မိုတယ်ရှေ့က ပိန္နဲပင်ကျောင်း နား ကအပင်တွေ ဂေါက်ကွင်း နားက အပင်တွေ ကာစတန်ရုံးနားက အပင်တွေ တော်တော်များများပါပဲ ” ဟု သူက ပြောသည်။

မူစယ်မြို့ပေါ်ရှိ ဟိုမွန်၊ ခရစ်ယာန် နှင့်တောင်ရပ်ကွက် တို့တွင် ထိခိုက်ပျက်ဆီးမှု ပိုများပြီး (၁၀၅) မိုင်ကုန် သွယ်ရေးဇုန် အတွင်း၌ ကုန်သွယ်ရေး ရုံးခန်းအဆောက်အဦး မှန်ချပ်များကွဲသွားကြောင်း သိရသည်။

မန့်ဟျှိုးမြို့နယ်ခွဲတွင် အိမ်ပြိုလဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ဒေသခံများကဆိုသော်လည်း သီးခြား အတည်ပြုချက်မရရှိသေးပေ။

တရုတ်နယ်စပ် မူစယ်တစ်ဘက်ကမ်း ကျယ်ဂေါ၀်နှင့် ရွှေလီမြို့များတွင်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်အမိုး ကွာကျခြင်းများရှိခဲ့ပြီး အချို့နေရာများတွင် ရေနှင့်လျှပ်စစ်မီးများပြတ်တောက်လျှက်ရှိသည်။

လေပြင်းတိုက်ခတ်အပြီး ယနေ့နံနက်ပိုင်းတွင် သျှမ်းပြည်(မြောက်ပိုင်း)၌ မြေငလျှင်လှုပ်မည်ဆိုသောကောဠာဟာဠ သတင်းဆက်တိုက်ထွက်ပေါ်လာသဖြင့် မူစယ်မြို့ ဒေသခံများအကြား စိုးရိမ်မှုများဖြစ်ပေါ် လျှက်ရှိကြောင်း သိရသည်။

Most read this week