ပလောင်ပြည်သူ ပညာရေး အခြေအနေ အလင်းမဲ့ဘဝ ကျရောက်နေ

ပလောင်ပြည်သူ ပညာရေး အခြေအနေ အလင်းမဲ့ဘဝ ကျရောက်နေ
by -
စောသိန်းမြင့်
စစ်အစိုးရ၏ တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်း(ပလောင်) ပြည်သူတို့၏ ဘဝများ လည်း အလင်းကင်းမဲ့နေကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO)က ယနေ့ပြုလုပ်သည့် “အလင်းမဲ့ဘဝ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင်...

စစ်အစိုးရ၏ တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်း(ပလောင်) ပြည်သူတို့၏ ဘဝများ လည်း အလင်းကင်းမဲ့နေကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO)က ယနေ့ပြုလုပ်သည့် “အလင်းမဲ့ဘဝ” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။  

ထိုအစီရင်ခံစာတွင် ပလောင်ဒေသအတွင်းရှိ လူငယ်များအတွက် ပညာရေးစနစ်ကို ဖော်ထုတ်တင်ပြရန်နှင့် စစ်အစိုးရ၏ ဆုတ် ယုတ်နေသော ပညာရေးစနစ် အကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းအား တင်ပြနိုင်ရန်၊ ပညာရေးအတွက် ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန်နှင့် ၎င်းပညာရေးစနစ်ကို ပြန်လည်သုံးသပ်လာစေသည်အထိ ဆက်လက်ဖိအားပေးနိုင်ရန် ရည်ရွယ်ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။  

သူက “ကနေ့ ကျနော်တို့ပလောင်ဒေသမှာ စစ်အုပ်စုရဲ့တာဝန်မဲ့မှုကြောင့် ပညာရေးဟာ တိုးတက်မှုမရှိဘဲ ကျနော်တို့ပြည်သူ တွေလည်း အလင်းမဲ့ဘဝကို ကျရောက် ခဲ့ရတယ်။ ဒါကြောင့် တအာင်းနယ်မြေက ပညာရေးစနစ်ပိုပြီးတော့ တိုးတက်လာဖို့ ဆိုး ကျိုးတွေကို ဖော်ထုတ်ဖို့အတွက်ရယ်၊ နောက်တခုက စစ်အစိုးရရဲ့ မှားယွင်းတဲ့ ပညာရေးစနစ်တွေကို နိုင်ငံတကာတွေ သိ အောင်ရယ်၊ ကျနော်တို့ဒေသမှာ ဖြစ်နေတဲ့ ပညာရေးအခြေအနေတွေကို အကူအညီပံ့ပိုးမှုရအောင်နဲ့ စစ်အစိုးရကနေပြီး ပညာ ရေးအဆင့်အတန်းကို ပြန်လည်သုံးသပ်နိုင်ဖို့ ရည်ရွယ်ထုတ်ပြန်တာ ဖြစ်တယ်”ဟု ဆိုသည်။  

အဆိုပါ အစီရင်ခံစာပါ အချက်အလက်များမှာ ၂၀၀၆ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းလူမျိုးအများ စု နေထိုင်သည့် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ် မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၆၁ရွာမှ လူထု ၁၇၅ဦးထံမှ ကောက်ယူစုဆောင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။  

၎င်းအစီရင်ခံစာအတွက် ကိုယ်တိုင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့သူ TSYO အစည်းအရုံးမှ ပညာရေးတာဝန်ခံ မိုင်းမောဝ် ဒါင်းက “ကျနော်တို့ စစ်တမ်း ကောက်ယူ ချက် အရ ၂၀၀၆မှာ ကျောင်းတက်နိုင်တဲ့ ကလေးတွေဟာ ရ၅ရာခိုင်နှုန်းလောက်ရှိ တယ်။ ဒီ ၂၀၀၉ခုနှစ်မှာဆိုရင် ၅၅ရာနှုန်းခန့်သာ ကျောင်းတက်နိုင်တော့တယ်။ ဒါတွေဟာ စစ်အစိုးရရဲ့ လွဲမှားနေတဲ့ စီမံခန့်ခွဲ မှုကြောင့် ဖြစ်တယ်”ဟု ပြောသည်။  

အဆိုပါမြို့နယ်သုံးခုတွင် ကျောင်းနေအရွယ် ကလေးဦးရေ ၂သောင်းကျော်ရှိသော်လည်း ကျောင်းတက်နိုင်သည့် ကျောင်းသူ ကျောင်းသား ကလေးငယ်ဦးရေမှာ ၉,၀၀၀ခန့်သာရှိသည်ဟု မိုင်းမောဝ်ဒါင်းက ဆက်လက်ပြောဆိုသည်။  

အလင်းမဲ့ဘဝ အစီရင်ခံစာ

တဆက်တည်းတွင် စစ်အစိုးရအနေဖြင့် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အသုံးစရိတ်ကို (၁.၄)ရာခုုိင်နှုန်းအောက် လျော့နည်း နေသည့် အနေအထားမှ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ စံနှုန်းများအရ (၆)ရာခိုင်နှုန်းအထိမြှင့်တင်ပေးရန်၊ ကျောင်းသင်ခန်းစာ များတွင် ဒေသခံတအာင်း တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကားနှင့် စာပေကို လေ့လာသင်ကြားနိုင်ရေး မြှင့်တင်အားပေး ရန်နှင့် ပညာရေးစနစ် ဆုတ်ယုတ်နိမ့်ကျနေမှုများကို ပြင်ဆင်နိုင်စေရန် စသည့် အချက် ၅ချက်ဖြင့် စစ်အစိုးရကို TSYO က အကြံပြု တောင်းဆိုထားသည်။  

အစီရင်ခံစာကို TSYO မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

စာမျက်နှာ(၇၈)မျက်နှာပါ အလင်းမဲ့ဘဝ အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားခြင်းဖြစ်ပြီး TSYO ၏ တောင်းဆို ချက်များအတိုင်း စစ်အစိုးရ လိုက်နာပါက ထိရောက်သည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်မည်ဟု မိုင်းအောင်ကိုက ပြော သည်။  

တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကို ၁၉၉၈ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စစ်ဖိနပ်အောက်က ရွှေလီမြစ်၊ ၂၀၀၈ခုနှစ်၌ လူထုဆန္ဒ ဆန့်ကျင်သည့် မဲပြားများ၊ ၂၀၀၉ခုနှစ်တွင် လက်ဖက်ဖျက်ပိုး နှင့် ယခုနှစ် အလင်းမဲ့ဘဝ အစီရင်ခံစာ (၄)အုပ်ကို ထုတ်ဝေခဲ့သည်။