တပ်စခန်းများအနီး သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ထား

တပ်စခန်းများအနီး သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ထား
by -
မာမာကျော်ဇော
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပပြုလုပ်မည့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များကို မြို့ပြင် အဝေးပြေးကားဂိတ်ဝင်းအနီးရှိ စစ်တပ်များနှင့် နီးစပ်ရာ နေရာတဝိုက်တွင်...

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပပြုလုပ်မည့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များကို မြို့ပြင် အဝေးပြေးကားဂိတ်ဝင်းအနီးရှိ စစ်တပ်များနှင့် နီးစပ်ရာ နေရာတဝိုက်တွင် ဆောက်လုပ်ထားသည်။

ယခင်နှစ်များက ကျင်းပပြုလုပ်လေ့ရှိသည့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များကို လူစည်ကားရာ စစ်တွေမြို့တွင်းများတွင်သာ ဆောက်လုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ မြို့ပြင်ရှိ စစ်တပ်စခန်းများ အနီးတဝိုက်တွင် ဆောက်လုပ်ထားကြောင်း စစ်တွေမြို့ခံတချို့က ပြောသည်။

“တပ်စခန်းနဲ့ အနီးတဝိုက်မှာပဲ ဗဟိုမဏ္ဍပ်နဲ့ အစိုးရဋ္ဌာနအလိုက် မဏ္ဍပ်တခုစီ ဆောက်ခွင့်ပေးထားတယ်။ မဏ္ဍပ်တွေလည်း အရင်နှစ်တွေကထက် အလျားက ၂ ဆ ကျယ်တယ်။ အာဏာပိုင်တွေကပဲ ဦးဆောင်ကျင်းပတာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ စစ်တပ်နှင့် နီးစပ်သည့် စစ်တွေဒေသခံ တဦးက ထိုင်းအခြေစိုက်၊ နိုင်ငံတကာမြန်မာသတင်းအဖွဲ့ - BNI ကို ပြောသည်။

စစ်တွေမြို့တွင်း၊ လူစည်ကားရာ မြန်မာ့စီးပွားရေးဘဏ်အနီးတွင်မူ အစိုးရ ၀န်ထမ်းများ၏ ရေကစားမဏ္ဍပ်တခုကို ဆောက်လုပ်ထားသည်။

ယခုလို အာဏာပိုင်များက ရေကစားမဏ္ဍပ်များကို မြို့ပြင်ရှိ စစ်တပ်စခန်းများ အနီးတဝိုက်တွင် ဆောက်လုပ်ထားခြင်းသည် လုံခြံုရေးအတွက် အနီးကပ်စောင့်ကြည့် နိုင်ရန် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်ပြောဆိုနေကြသည်။

“၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သင်္ကြန်အတွင်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာမှာစိုးလို့ စစ်တပ်နဲ့ အနီးဆုံးမြေနေရာမှာ သင်္ကြန်လုပ်တာ ဖြစ်နိုင်ပါတယ်” ဟု စစ်တွေမြို့ခံ တဦးက ဆိုသည်။  

စစ်တွေမြို့နယ် စည်ပင်သာယာရေးမှ အုပ်ချုပ်ရေး ၀န်ထမ်းတဦးကမူ “မြို့တွင်း ရေအခက်အခဲရှိတဲ့အတွက် မြို့ပြင်မှာ ပြုလုပ်တာဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး ပေါ်လစီကိုတော့ ကျနော့်အနေနဲ့ မသိပါဘူး” ဟု ပြောသည်။

မြို့နယ်တခုလုံးကို ရေပေးဝေနေသည့် ပင်မရေလှောင်ကန် ကန်တော်ကြီးကန်တွင် ရေကုန်ခမ်းနေရာ အနီးရှိ အောင်တိုင်ကျေးရွာ ရေကန်မှတဆင့် ရေဖြန့်ဖြူး ပေးနေရသဖြင့် မြို့တွင်းရေပေးဝေမှု စနစ်သည် ၂ ရက်တကြိမ်သာ ရေရရှိကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ရိုးရာ အစဉ်လာအရ ဧပြီလ (၁၂) ရက်နေ့တွင် မြို့တွင်းရှိ ဘုရားများကို ရေသပ်ပါယ်ခြင်းများ ပြုလုပ်ကြပြီး၊ နောက်တနေ့တွင်မူ စတင် ရေကစားလေ့ရှိသည်။

ယခုနှစ် ရန်ကုန်မြို့တွင်း ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် အာဏာပိုင်များက သင်္ကြန်မဏ္ဍပ်များ လိုက်နာရန် စည်းကမ်းချက်များ ချမှတ်ထားသည့်အပြင် ရေကစားမည့် သူများ၊ အထူးသဖြင့် အမျိုးသမီးများကို အမြင်မတော်၊ ပါးလွှာသည့် အဝတ်အစားများ ၀တ်ဆင်ခြင်းကို တားမြစ်ထားသည်။

Most read this week