ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ်နှင့် တွဲဘက်အတွင်းရေးမှူး ဒေါ်မိမိစိန်အား အကျဉ်းထောင်များမှ ယနေ့နံနက်တွင် ပြန်လွှတ်ပေးလိုက်သည်။
ဥက္ကဋ္ဌ ဦးအောင်ခင်ဗို်လ်အား သရက်ထောင်မှ လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ ဒေါ်မိမိစိန်အား အင်းစိန်ထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗို်လ် ဒီနေ့ နံနက်ပိုင်းက ပြန်လွတ်လာတယ်။ အခု သူ ရန်ကုန်ကို လာတဲ့ လမ်းပေါ်မှာ ရောက်နေပါပြီ။ မနက်ဖြန်ဆိုရင် ရန်ကုန်ရုံးချုပ်ကို ရောက်လာပါလိမ့်မယ်” ဟု ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
ယနေ့တွင် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၃ဝဝ ကျော် လွှတ်ပေးရာ နိုင်ငံရေး အကျဉ်းသားဟူ၍ ဒေါ်မိမိစိန်သာ ပါဝင်သည်။
“၁၁ နာရီက လွှတ်ပေးလိုက်တယ်။ လွတ်ရက်စေ့ပြီဆိုတော့ ပြန်လွှတ်ပေးလိုက်တာပါ” ဟု ဒေါ်မိမိစိန်က မဇ္စျိမကို ပြောသည်။
ဦးအောင်ခင်ဗိုလ်နှင့် ဒေါ်မိမိစိန်တို့က ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက ဘိုကလေးမြို့နယ် ကုန်စျေးနှုန်းကျဆင်းရေး ဆန္ဒပြရာတွင် ပါဝင်သဖြင့် ဖမ်းဆီးခံခဲ့ ရသည်။ သူတို့အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေမှု - ပုဒ်မ ၅ဝ၅ (ခ)၊ တရားမဝင် လူစုလူဝေးမှု - ပုဒ်မ ၁၄၃ တို့ဖြင့် ၂ဝဝ၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခဲ့သည်။
“ကျမထောင်ထဲမှာ ရောဂါတခုဖြစ်လို့ ဆေးပြဖို့ အခြေအနေ ဖြစ်လာတယ်။ အင်းစိန်ထောင်ကို ၉ လပိုင်း ၁ဝ ရက်နေ့ ၂ဝဝ၉ ခုနှစ်မှာ ရောက်လာတယ်။ အင်းစိန် ထောင်တွင်း ဆေးရုံကို တက်နေရတယ်။ ၁၈ ရက်နေ့မှာ ကျမကို ၄ဝ၁ နဲ့ လက်မှတ်ထိုးဖို့ ခေါ်ပြောတယ်။ ၄ဝ၁ ထိုးပြီးတော့ မထွက်ချင်ဘူး။ ကျမတို့က တရားမျှတတဲ့ အလုပ်ကို လုပ်ရင်းနဲ့ မတရား အဖမ်းခံရတယ်လို့ ကျမ မှတ်ယူထားတယ်။ အဲဒီအတွက် ခံဝန်ကတိ လက်မှတ် မထိုးတဲ့အတွက် အခုမှ လွှတ်ပေးလိုက်တာ ဖြစ်တယ်” ဟု ဒေါ်မိမိစိန်က ပြောသည်။
စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သော NLD ခေါင်းဆောင်များ အစည်းအဝေးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် ထောက်ခံကြောင်း သူက ပြောသည်။