ကန့်ကွက်သူမရှိ ပါတီအား ပြန်လည်၍ မှတ်ပုံမတင်မည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ ပြောဆိုသည်။
နေအိမ်တွင် ထိန်းသိမ်းခံထားရသည့် အမှုအတွက် အထူးအယူခံဝင်ရေးကိစ္စနှင့် ပတ်သက်၍ သူမ၏ ရှေ့နေများနှင့် နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒေါ်စုက အဖွဲ့ချုပ်ကို မှာလိုက်တာတခု ရှိတယ်။ ၂၉ ရက်နေ့က မှတ်ပုံမတင်ရေးကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒါက တခုပေါ့။ နောက်တခုကတော့ မနေ့က ထုတ်လိုက်တဲ့ ပြည်သူသို့ ပန်ကြားချက်ကိုလည်း သူ့အနေနဲ့ သဘောတူပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ မှာကြားလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည့် ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောပြသည်။
ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ NLD တိုင်း/ပြည်နယ်ကိုယ်စားပြု ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝဝ ခန့်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ရန်ကုန်ရှိ ပါတီရုံးချုပ်တွင် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က ထုတ်ပြန်သည့် ပြည်သူသို့ ပန်ကြားချက်ထဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းအပေါ် NLD က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားပြီး၊ ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို မစွန့်ခွာဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။
ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က အမှုအယူခံကိစ္စ၊ အိမ်ပြင်ဆင်သည့် တားဝရမ်းကိစ္စ၊ အိမ်ပြင်သည့်အပေါ် လျှောက်လွှာတင်ရမည့်ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးခဲ့ကြသည်။
“ကျနော်တို့က အယူခံ အကြောင်းပြချက် ၅ ချက်ကို ယူသွားတယ်။ အဲဒီအပေါ်မှာ ဆွေးနွေးတာတွေ ရှိတယ်။ အဲဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူပါတယ်။ ဒါပေမဲ့ ကျနော်တို့က နောက်ထပ် အရေးကြီးတယ်လို့ထင်တဲ့ အချက် ၂ ချက်၊ စီရင်ထုံး ၂ ခု ရှိတယ်။ အဲဒီ အချက် ၂ ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ နောက်တခါမှာ စဉ်းစားရအောင် အဲဒီ စီရင်ထုံးမိတ္တူကို ယူခဲ့ပေးပါ၊ သူလည်း ကြည့်ချင်တယ်လို့ ပြောတယ်။ နောက်တခါပြီးမှပဲ ပြတ်လိမ့်မယ်လို့ ထင်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ပြင်ဆင်သည်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း လျှောက်ထားမှုအား ယမန်နေ့က ရန်ကုန််တိုင်း တရားရုံးက ပယ်ချခဲ့သည်။
ထိုအမှုကိစ္စနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူ့အနေနဲ့က သီးခြား မခံစားရဘူး။ ကျနော်တို့က ရှင်းပြတယ်။ တရားရုံးက အမိန့်စာ မိတ္တူရလို့ရှိရင် ကျနော်တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို တင်ရမယ်။ အဲဒီကိစ္စတွေကို ဆက်လက်ဆောင်ရွက်ပါလို့ မှာကြားလိုက်တယ်” ဟု ပြောသည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်များ ရှိသည်ဟု ဆိုသော်လည်း အသေးစိတ် ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။