ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း လျှောက်ထားမှုအား ရန်ကုန််တိုင်း တရားရုံးက ပယ်ချလိုက်သည်ဟု စုံစမ်းသိရှိရသည်။
တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသည့် အိမ်ပြင်ဆင်နေခြင်းအား အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ အိမ်ပြင်ဆင် နေမှုကို ရပ်ဆိုင်းပေးရန် တိုင်းတရားရုံးသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လျှောက်ထားခဲ့သည်ကို တိုင်းရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်။
“ဒီကနေ့ နေ့ခင်းကျတော့ ဦးအောင်ဆန်းဦး လျှောက်ထားတဲ့ဟာ ခိုင်လုံမှု မရှိဘူးဆိုပြီးတော့ ပယ်ချပါတယ်။ ဒီအမှုမှာ နိုင်သွားတယ်” ဟု နေအိမ်တွင် ပြစ်ဒဏ်ကျခံ နေရသော ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
တရားရုံးအမိန့်စာမိတ္တူဖြင့် စည်ပင်သာယာကို ပြန်လည်တင်ပြပြီးနောက် အိမ်ပြင်ဆင်မှု ပြန်လည်ပြုလုပ်မည်ဟု သိရသည်။
ယနေ့တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း တက်ရောက်ခဲ့ပြီး၊ ဦးအောင်ဆန်းဦးဘက်မှ လိုက်ပါအကျိုးဆောင်နေသူ ရှေ့နေ ဦးဟန်တိုး တက်ရောက်ခဲ့သည်။
ရန်ကုန်တိုင်း စည်ပင်သာယာ ခွင့်ပြုချက်ဖြင့် နေအိမ်ပြုပြင်မှုကို ဦးအောင်ဆန်းဦးက တားဝရမ်း ထုတ်ခြင်းအပေါ် ပြန်လည်ကန့်ကွက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်ကန့်ကွက်ခဲ့သည်။
သူမ၏ ရှေ့နေများက ဥပဒေအမိန့် ၃၉ ၊ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်စီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ဖြုန်းတီးစေခြင်း မဟုတ်ပါက တားဝရမ်း ထုတ်ခွင့် မရှိကြောင်း ကန့်ကွက် လျှောက်လဲခဲ့သည်။
မြို့တော် စည်ပင်သာယာက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ယခုလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှုကို ရပ်နားထားရသည်။
လာမည့် ယခုလ ၈ ရက်နေ့တွင် ယနေ့ ချမှတ်လိုက်သည့် မိတ္တူကူးယူပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြန်လည်ပြင်ဆင်ခွင့် ရရှိမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက အင်ယားကန်ကို ရေကူး၍ နေအိမ်တွင်း ဝင်ရောက်သည်ကို ခိုလှုံခွင့်ပြုမှုဖြင့် ထောင်ဒဏ် ၁၈ လကို နေအိမ်အတွင်း ပြစ်ဒဏ်ကျခံနေရပြီး၊ ကျန်ထောင်ဒဏ်ကို ဆိုင်းငံ့အဖြစ် အပြစ်ပေးခံနေရသည်။