ပင်လုံဒေသခံများကို လူဦးရေစာရင်း ကောက်ခံနေ

ပင်လုံဒေသခံများကို လူဦးရေစာရင်း ကောက်ခံနေ
by -
မွေခေါ၀်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်း နေထိုင်သူ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းများကို ရပ်ကွက်အာဏာပိုင်တချို့က ကောက်ခံ နေကြောင်း.....

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အတွင်း နေထိုင်သူ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းများကို ရပ်ကွက်အာဏာပိုင်တချို့က ကောက်ခံ နေကြောင်း ဒေသခံတချို့က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှ စတင်ကာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက)၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်စာရေးတို့က ပင်လုံမြို့ နယ် အတွင်းရှိ ရပ်ကွက်အမှတ် (၄) အပါအဝင် အခြားရပ်ကွက်တို့တွင် နေထိုင်သူ အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြားရှိ လူဦးရေစာရင်းများကို လိုက်လံကောက်ခံ နေခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတဦးက နိုင်ငံ့တကာ မြန်မာသတင်းအဖွဲ့ - BNI ကို ယခုလို ပြောသည်။

“ရွေးကောက်ပွဲအတွက် မဲထည့်ရမှာမို့လို့ အိမ်ထောင်စုစာရင်းလိုက်ကောက်တာလို့ ပြောတယ်။ အိမ်တိုင်းကို အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား ဘယ်နှယောက်ရှိလည်း။ ခရီးလွန်နေတာ ဘယ်နှယောက်ရှိလည်း မေးတယ်” ဟု ပင်လုံရပ်ကွက် (၄) နေထိုင်သူ ဒေသခံတဦးက ပြောသည်။

ယခုလို လူဦးရေစာရင်းကောက်ခံရာတွင် ရပ်ကွက်စာရေးက တအိမ်တက်၊ တအိမ်ဆင်း ကောက်ခံသည်ရှိသလို၊ ဒေသခံများကို သက်ဆိုင်ရာ မိမိရပ်ကွက်ရုံးသို့ လာရောက် စာရင်းပေးသွင်းရန် ခေါ်ယူ ပြောဆိုခြင်းများလည်း ရှိကြောင်း သိရသည်။

ထို့အပြင် ပင်လုံမြို့ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ပြည်ခိုင်ဖြိုး) ပါတီအဖွဲ့ဝင်များက နီးစပ်ရာ မိတ်ဆွေများကို မက်လုံးပေးကာ စည်းရုံးရေးဆင်းနေကြောင်းလည်း အစည်းရုံးခံရသူ ဒေသခံတချို့က ယခုလို ပြောသည်။

“တစညအဖွဲ့ဝင်တွေက တောင်သူလယ်သမား၊ အလုပ်သမားတွေကို အခွင့်အရေး ရအောင်လုပ်ပေးမယ်။ ကောင်းကောင်းလုပ်ပေးမယ်ဆိုပြီး စည်းရုံးတယ်။ သူငယ်ချင်း တွေ တွေ့ရင် သူတို့ရဲ့အဖွဲ့အကြောင်းကို ပြောပြီး စည်းရုံးနေတယ်” ဟု ဆိုသည်။

ဆက်လက်ပြီးသူက “ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း အဖွဲ့ဝင် ကတော့ သူငယ်ချင်းတွေကို တွေ့ရင် မင်းဝင်သင့်တယ်။ ရာထူးလည်း မြင့့်မယ်။ လစာလည်း ကောင်းကောင်းရမယ်လို့ ပြောပြီးစည်းရုံးနေတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီတချို့က ပင်လုံ ဒေသခံများကို စည်းရုံးလုပ်ဆောင်နေသော်လည်း အများစုက စားဝတ်နေရေးအခက်အခဲများကြောင့် စိတ်ဝင်စားမှုနည်းပါးကြောင်း ဒေသခံတချို့က ယခုလို ပြောသည်။   

ပင်လုံဒေသခံ အိမ်ရှင်မတဦးက “ဘယ်သူကမှ စိတ်လည်းမဝင်စားဘူး။ ဘယ်သူရရ စိတ်လည်းမဝင်စားဘူး၊ ၀မ်းစာအတွက်ပဲ ရုန်းကန်နေရတာလေ” ဟု ပြောသည်။

အလားတူ ဒေသခံတစ်ဦးကလည်း “နအဖက ရွေးကောက်ပွဲလုပ်မယ်ပြောတာ ဘယ်သူက သူတို့ကို ယုံကြည်မှာလဲ။ ၁၉၉၀ တုန်းက ဒေါ်အောင်ဆန်းဆုကြည်ပါတီ အနိုင်ရတာ အာဏာလွှဲမပေးဘူး။ သူတို့ ဘယ်လိုဘဲပြောပြော သူများက ယုံကြည်မှာ မဟုတ်ဘူး။ အခုလည်း သူတို့ဘက်ကပဲ နိုင်မှာဘဲ” ဟု ပြောသည်။

ပင်လုံမြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ဒေသတခုဖြစ်ကာ  ပြည်ထောင်စုကျောက်တိုင် စိုက်ထူထားသည်။

ဒေသခံအများစုသည် ရှမ်းတိုင်းရင်းသားများဖြစ်ပြီး၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လဖ္ဘက်နှင့် သနပ်ဖက် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထား လုပ်ဆောင်ကြသည်။

Most read this week