သူရရွှေမန်း ကချင်ပြည်နယ်သို့ သွားရောက်

သူရရွှေမန်း ကချင်ပြည်နယ်သို့ သွားရောက်
by -
ဖနိဒါ
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ သောင်မတင်ရေမကျ ဖြစ်နေချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ကချင်ပြည်နယ်သို့ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ၂ ရက်ကြာ ခရီးစဉ်တခု သွားရောက်ခဲ့ကြောင်း....

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ သောင်မတင်ရေမကျ ဖြစ်နေချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ကချင်ပြည်နယ်သို့ လွန်ခဲ့သည့် သီတင်းပတ်အတွင်း ၂ ရက်ကြာ ခရီးစဉ်တခု သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိသော စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင်သည် မတ်လ ၂၄ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ထို့အပြင် ဟူပင်၊ တနိုင်း၊ ပူတာအိုမြို့များသို့လည်း သွားရောက်ခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။

“အဓိက စစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းတခု ရှိပုံရတယ်။ လက်ရှိ နယ်စပ်မှာ ဖြစ်နေတဲ့ ကချင်၊ ဝ တို့ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်မယ်လို့ မှန်းဆရတာပဲ” ဟု စစ်ဘက်အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းက ပြောသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး သာအေး၊  ဗိုလ်ချုပ် မင်းအောင်လှိုင်တို့နှင့် အခြားအရာရှိ ၁ဝ ဦးခန့် လိုက်ပါခဲ့ကြောင်း သူက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးသာအေးသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့ကို ကိုင်တွယ်ရသော ကစထမှူးဖြစ်ပြီး ဗိုလ်ချုပ် မင်းအောင်လှိုင်မှာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ကို ကိုင်တွယ်ရသည်။

“ဗန်းမော်ကနေ ရောက်လာတယ်။ သူက အဓိကတော့ သူပြောတာကတော့ ပြည်သူလူထုကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို နယ်ခြားစောင့်တပ် ပြောင်းဖို့ လက်ခံဖို့ အတွက် ဖိအားပေးပါဆိုတာပါ” ဟု KIO အရာရှိတဦးက ပြောသည်။

သို့သော်လည်း ခရီးစဉ်အတွင်း KIO ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိဟု သိရသည်။

ယခုလ ၂၁ ရက်နေ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် အတွင်းရေးမှူး ဒေါက်တာလှဂျာ၊ ဗိုလ်မှူးကြီး ကွမ်မော်တို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)တွင် တွေ့ဆုံခဲ့ကြသေးသည်။

ဗန်းမော်မြို့ ကွန်ဘန်ကျေးရွာသား ၂ ဦးထံမှ ဗုံးအလုံးပေါင်း ၃၃ လုံးကို မူးယစ်အထူးရဲတပ်ဖွဲ့က ယခုလ ၁၃ ရက်နေ့တွင် သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ KIO ကို မေးမြန်းခဲ့သည်။

KIO အဖွဲ့ပိုင် ဗုံးများဖြစ်သော်လည်း အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်ဟု ကချင်အရာရှိက ပြောသည်။

KIO အဖွဲ့အနေဖြင့် တပ်မတော်အောက်ကို သွတ်သွင်းမည့် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တက်လာမည့် အစိုးရသစ်တွင် ကချင်တပ်မတော်တခုအနေဖြင့် ရပ်တည်လိုကြောင်း နေပြည်တော်၏ ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြံုရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာတင်ပြထားသည်။

ရှမ်းပြည်နယ် လားရှိုးမြို့သို့လည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ရောက်ရှိလာမည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရန် ငြင်းဆိုနေသည့် အခြားသော ငြိမ်းချမ်းရေးအဖွဲ့ကြီးတခုဖြစ်သော ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်းမြို့ရှိ အစိုးရဝန်ထမ်းများအား နေရပ်သို့ ပြန်ကြရန် နေပြည်တော်မှ အမိန့်ထုတ်ပြန်ထားသည်။

Thura-Shwe-Mann