လေပြင်းကြောင့် ဒုက္ခသည်စခန်း နေအိမ် ၄၀ ကျော်ပျက်စီး

လေပြင်းကြောင့် ဒုက္ခသည်စခန်း နေအိမ် ၄၀ ကျော်ပျက်စီး
by -
အားမီ
ထိုင်းနိုင်ငံတောင်ပိုင်း စံခရဘူရီခရိုင်အတွင်းရှိိ ဘန့်တုန်ယမ်း ဒုက္ခသည်စခန်းတွင် ၅ မိနစ်ကျော်ကြာ တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် စခန်းရှိ အိမ်ခြေစုစုပေါင်း ၄၀ ကျော်ပျက်စီး....

ထိုင်းနိုင်ငံတောင်ပိုင်း စံခရဘူရီခရိုင်အတွင်းရှိိ ဘန့်တုန်ယမ်း ဒုက္ခသည်စခန်းတွင် ၅ မိနစ်ကျော်ကြာ တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် စခန်းရှိ အိမ်ခြေစုစုပေါင်း ၄၀ ကျော်ပျက်စီး ခဲ့သည်။  

မတ်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်း ၂းဝဝ နာရီခန့်တွင်၊ လေပြင်းမကျရောက်မီ မိုးကြိုးပစ်ခြင်း၊ မိုးသီးများ ကြွေကျကာ မဲမှောင်သွားပြီးနောက် လေပြင်းတိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စခန်းတွင်း နေထိုင်သူများက နိုင်ငံတကာမြန်မာသတင်းအဖွဲ့ကို ယခုလို ပြောသည်။

“ငိုကြ၊ ယိုကြ အော်ကြနဲ့ ကမ္ဘာ ပျက်မတတ်ပဲလေ။ ဘာမှကို မမြင်တော့ဘဲ အားလုံးက မဲမှောင်သွားပြီးတော့၊ အော်သံတွေ သစ်ပင်ကျိုးကျသံတွေနဲ့ ဆူညံနေတာ

ပဲ။ တော်တော်လေးကို ကြောက်စရာကောင်းတာပဲ” ဟု စခန်းတွင် လေးနှစ်နီးပါး နေထို်င်သော ကရင်ဒုက္ခသည် အမျိုးသမီးက ပြောသည်။  

လွန်ခဲ့သည့်နှစ်များတွင် စခန်းအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ပြင်းထန်သော လေပြင်းတိုက်ခတ်ခြင်း တကြိမ်မှ မကြံုဖူးကြောင်း ထိုစခန်းထဲတွင် ( ၁၀ ) နှစ် ကျော်ကြာနေထိုင်သော ကရင်အမျိုးသားကြီး တဦးက ပြောသည်။

လေပြင်းကြောင့် စခန်းတွင်းရှိ ရုံး၊ ကျောင်း၊ ဆေးရုံ အဆောက်အဦး တခုနှင့် စားနပ်ရိက္ခာတချို့၊ ကျောင်းသုံး ကွန်ပြူတာများအပြင် အိမ်ဆောက်ပစ္စည်းများ ပျက်စီး ဆုံးရှုံးသွားသည်။  

ထို့အပြင်၊ သစ်ပင်များ ကျိုးကျခဲ့ရာ ရေပိုက်တချို့ ပျက်စီးသွားခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ ရေအခက်အခဲရှိသည့်အတွက် အနီးနားရှိ ချောင်းရေကိုသာ အသုံးပြု နေရကြောင်း စခန်းနေထိုင်သူများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်အကူအညီပေးရေးအဖွဲ့ (TBBC) အဖွဲ့က စခန်းတွင်းလာရောက်ကြည့်ရှုကာ စခန်းတွင်းနေထိုင်သူတချို့အတွက် အရေးပေါ် စားနပ်ရိက္ခာများအတွက် စီစဉ်ပေးသည့်အပြင်၊ ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် ကူညီပ့ံပိုးသွားမည်ဟုလည်း သိရသည်။  

လက်ရှိ ဘန့်တုန်ယမ်း ဒုက္ခသည်စခန်းတွင် နေထိုင်သူ လူဦးရေ စုစုပေါင်း ၄၀၀၀ ကျော်ရှိသည်။

Most read this week