ကရင်နီပြည် ဖရူဆိုမြို့နယ် ဆွမ်စိဖိုရွာမှ ဒေသခံများသည် နအဖ စစ်တပ် ခမရ ၅၃၁နှင့် ၄၂၈ တပ်များမှ ရွာတွင်းသို့ ၀င်ရောက်လာပြီး ပြောဆိုဆက်ဆံရာတွင် စကား မပေါက်ကြဘဲ ရိုက်နှက်သောကြောင့် ရွာသားအချို့ရွာမှ ထွက်ပြေးကြသည်ဟု သိရသည်။
အိမ်ခြေ ၄ဝ ကျော် ရှိသော ဆွမ်စိဖိုရွာသို့ စစ်တပ်မှ မကြာခဏ ၀င်ရောက်လာပြီး ယခုလ အစောပိုင်းကစ၍ ရွာသားများ စတင် ထွက်ပြေးကြရာ အိမ်ခြေ ၃၅ အိမ်တို့သည် ဆွေမျိုးများ ရှိသည့် တခြားကျေးရွာဆီသို့ ထွက်ပြေးကြပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ် ဘက်သို့ မတ်လ ၁၈ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြသည်။
“ဗမာစစ်တပ်တွေက ရွာကို ရောက်ရင် ကျနော်တို့ကို ဗမာစကားလို ပြောတယ်။ ဒါပေမယ့် ကျနော်တို့က ဗမာစကားမှ မတတ်တာ ကျနော်တို့က ကိုယ့်ဘာသာ စကားတခုပဲ တတ်တယ်လေ။ သူမေးတာတမျိုး ကိုယ်ဖြေသွားတာတခြား ဖြစ်သွားတော့ ကျနော်တို့ကို ရိုက်တယ်၊ နှိပ်စက်တယ်” ဟု ဆွမ်စိဖိုရွာမှ စကားမပေါက်၍ အရိုက်ခံရဖူးသော အိမ်ထောင်ဦးစီးတဦးက ပြောသည်။
နအဖ စစ်တပ်များသည် ရွာသို့ ရောက်တိုင်း ရွာတွင်းတွင် သေနတ်များ ဖောက်၍ ခြိမ်းခြောက်ခြင်း၊ လမ်းပြခိုင်းခြင်း၊ လမ်းမပြနိုင်လျင် စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အပြင် ရွာသားပိုင် အိမ်မွေးတိရိစ္ဆာန်များကို အဖိုးအခ မပေးဘဲ ပစ်သတ်စားသောက် ကြသည်ဟု ရွာသားများက ပြောပါသည်။
ဆွမ်စိဖိုရွာမှ ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဗမာတပ်တွေ လာရင် စစ်ဆေးမေးမြန်းတယ်။ နှိပ်စက်တယ်။ လမ်းပြခေါ်သွားတော့ လုပ်ကိုင်စားသောက်ဖို့အတွက် အခက်အခဲ ရှိတယ်။ တပတ်ကျော်လောက် လိုက်သွားရပြီး သူတို့ စစ်ကြောင်း မပြန်ရင် အိမ်မပြန်ရ သေးဘူး။ အိမ်က ကြက်တို့၊ ၀က်တို့ အလကား ယူသတ်စားသွားတယ်” ဟု ပြောသည်။