ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်

ပါတီမှတ်ပုံတင်လျှင် ၂၄ မြို့နယ် ကန့်ကွက်မည်
by -
ကျော်ခ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်း ၃ တိုင်းမှ ၂၄ မြို့နယ်က ပါတီမှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမှ အင်းစိန်၊ ပဲခူးတိုင်းမှ ၁၉ မြို့နယ်နှင့် မန္တလေးတိုင်းမှ ၄ မြို့နယ်တို့က မှတ်ပုံတင်မည်ဆိုလျှင် ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့် “ရွှေဂုံတိုင် ကြေညာ စာတမ်း” ကိုသာ ဆက်လက်၍ ဆုပ်ကိုင်သွားရန် တိုက်တွန်းကြောင်း မြို့နယ်စည်း တာဝန်ရှိသူများထံမှ သိရခြင်း ဖြစ်သည်။

“(ပဲခူး) တိုင်းအနေနဲ့ကတော့ ၁၈ ရက်နေ့က ကန့်ကွက်တယ်။ ကျန်တဲ့ တောင်ငူခရိုင်က ၄ မြို့နယ်၊ ပဲခူးခရိုင်က ရ မြို့နယ်၊ သာယာဝတီခရိုင်က ၈ မြို့နယ်လည်း ပြီးပြီ။ အဲဒီသဘောထားပဲ။ မြို့နယ်တွေ ကျန်နေသေးတော့ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကို တင်မယ်” ဟု NLD ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက မဇ္စျိမကို ပြောသည်။

ပဲခူးတိုင်းစည်း ဆုံးဖြတ်ချက်၌ ရွှေဂုံတိုင်ကြေညာချက်ကို သွေဖီယိမ်းယိုင်၍ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအား NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုထားသည်။

အလားတူ မန္တလေးတိုင်းရှိ ရမည်းသင်း၊ မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များကလည်း ပါတီ မှတ်ပုံတင်ခြင်းအား ကန့်ကွက်ကြောင်း ဆုံးဖြတ်ပြီးကြပြီဟု NLD မိတ္တီလာမြို့နယ် ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါတ်တာသိန်းလွင်က ပြောသည်။

ဒေါ်အောင်ဆန်းဆုကြည် သဘောတူညီမှု မပါဘဲ မှတ်ပုံတင်ခဲ့လျှင် မိမိတို့အနေနှင့် လုံးဝ လက်မခံကြောင်း ဆုံးဖြတ်ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်းသာ ခိုင်မာစွာ ရပ်တည်ကြပါရန် ဗဟိုအလုပ်မှုဆောင်အဖွဲ့အား တိုက်တွန်းကြောင်း ဆုံးဖြတ်ကြသည်ဟု သူက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် မပါရင် လက်မခံနိုင်ဘူးဆိုတာတော့ NLD ဟာ ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပဲလေ”  ဟု ဒေါက်တာသိန်းလွင်က ဆက်ပြောသည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဆုံးဖြတ်ချက်ထဲတွင်မူ “ရွှေဂုံတိုင်ကြေညာစာတမ်း” ပါ  “၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ပြင်ဆင်ရေး”၊ “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး”၊ “တွေ့ဆုံဆွေးနွေးရေး”  စသည့် တောင်းဆိုချက်များအား လိုက်လျောခြင်း မရှိသည့်ပြင် ထွက်လာသည့် ရွေးကောက်ပွဲဥပဒေသည်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးမတည်သဖြင့် ကန့်ကွက်ရကြောင်း မြို့နယ်စည်းအဖွဲ့ဝင် ရှေ့နေဦးခင်မောင်ရှိန်က ပြောသည်။

မကွေးတိုင်း NLD အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေး ကလည်း မကွေးတိုင်းရှိ ကျေးလက်ဒေသများသို့ NLD ပါတီ မှတ်ပုံတင်/မတင်ကိစ္စ ကို လိုက်လံစာရင်း ကောက်ယူခဲ့ရာတွင် အားလုံးက ကန့်ကွက်ခဲ့ကြကြောင်း ပြောသည်။

“ကျမတို့ ရေနံချောင်း၊ ချောက်မြို့နယ်တွေက ကျေးလက်တွေမှာဆိုရင် NLD ကသာလျှင် လူထုအတွက် ရှေ့တန်းကနေ တိုက်ထားတဲ့အတွက်ကြောင့် NLD ကို အားကိုးနေတဲ့အခါမှာ NLD ကနေပြီးတော့ နအဖရဲ့ လက်အောက်ကို ဝင်သွားမှာကို ကန့်ကွက်တာပေါ့နော်” ဟု သူက မဇ္စျိမကို ပြောသည်။

မကွေးတိုင်းစည်း အစည်းအဝေးကို လာမည့် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဟုလည်း သိရသည်။ ရေနံချောင်း မြို့နယ်စည်း အစည်းအဝေးကိုမူ ယနေ့ ပြုလုပ်မည် ဖြစ်ပြီး မှတ်ပုံတင်ရေးကို ထောက်ခံမည့် မြို့နယ်စည်းအချို့ ရှိနိုင်ကြောင်း ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့နယ်စည်းနှင့် တိုင်းအစည်းအဝေးများမှ ထိုကန့်ကွက်စာများကို ယခုလ ၂၉ ရက်နေ့မတိုင်မီ ၂၇ ရက်နေ့အတွင်း ဗဟိုသို့ အရောက်ပို့ကြမည်ဟု ပြောဆိုကြသည်။

ယခုလ ၂၉ ရက်နေ့တွင် ပါတီဗဟိုအလုပ်ဆောင်ကော်မတီနှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ အဖွဲ့ဝင်များ ရန်ကုန် ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ တရားမျှတမှုမရှိဘဲ၊ တဖက်သတ်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများအရ ပါတီမှတ်ပုံတင်မည်ကို လုံးဝ လက်မခံကြောင်း သူမ၏ ရှေ့နေများနှင့် ယမန်နေ့က တွေ့ဆုံစဉ် သဘောထားပေးခဲ့သည်။